Ep(5) Highlight~
အခုလောလောဆယ်တော့ သူ့ခါးက ဟိုတစ္ဆေကောင်ရဲ့ ပါးစပ်ထဲကနေတောင် မထုတ်ရသေးဘူးလေ...။✰♪✰♪✰♪
ညဘက် အတန်းချိန်တွေမှာလည်း
တစေက ထူးခြားလွန်းစွာပဲ အလင်္ကာ့နားမှာ အတင်းဝင်ထိုင်နေသည်။
သစ်ထင်နဲ့ အလင်္ကာက ဘော်ဒါဆောင် အပေါ်အောက်အခွဲခံထားပြီးနောက်ပိုင်း ညဘက်စာကျက်ဝိုင်းကိုပါ
အခွဲခံထားလိုက်ရသည်။
အပေါ်တစ်ဝိုင်း အောက်တစ်ဝိုင်းမို့
အပေါ်က အလင်္ကာတို့ဝိုင်းတွင် ကျောင်းရဲ့ နံပါတ်တစ်ကျောင်းသားက
အရှိန်အဝါတောက်ပစွာ ဆန့်ဆန့်ကြီး ဝင်ထိုင်နေသည်ကို
အခြားသောကျောင်းသားများက သတိထားမိကာ
ခပ်ရှိန်ရှိန်ဖြစ်နေကြသည်။
သူ့ဘေးက အလင်္ကာကတော့ ရှိန်တယ်ဆိုတာထက်
နေရခတ်နေတာ
သူ့ကို တွေ့တွေ့ချင်း ချစ်တယ်ကြိုက်တယ်ဆိုပြီး
တဖွဖွပြောနေတဲ့ တစ္ဆေကောင်က
အခုသူ့ဘေးမှာ အတောင့်လိုက်ကြီးထိုင်ကာ
သူ့ကို တည့်တည့်ကြီးစိုက်ကြည့်နေတယ်မဟုတ်လား။အခန်းထဲဝင်လာတဲ့ ဂိုက်ဆရာကတော့ တစေရဲ့မျက်နှာကို မြင်ပြီး
ရွှင်ရွှင်ပြပြဖြစ်သွားသည်။
ဒီလိုထိပ်တန်းကျောင်းသားမျိုးကို သင်ရလို့ မပျော်တဲ့ဆရာဆိုတာ ရှိပါ့မလား။ဆရာက ဥပမာတစ်ပုဒ်တွက်ပြပြီးတာနဲ့
အလားတူ ပုစ္ဆာမျိုးကို သဘောတရားရှင်းပြပြီး
ကျောင်းသားတွေကို ဖြေရှင်းဖို့ ပြောလိုက်သည်။
ပြီးတော့ Whiteboardမှာ မေးခွန်းသပ်သပ်တစ်ခုကို
ချရေးပြီးတာနဲ့
"ဒါကိုပါ ဖြေရှင်းကြည့်ကြ"ဟု ပြောသည်။
တကယ်က ကျောင်းမှာ ဂုဏ်သတင်းမွှေးနေတဲ့
တစေ့ရဲ့ပညာကို စမ်းသပ်ချင်တာကြောင့်
မေးခွန်းထုတ်လိုက်တယ်ဆိုတာ တစေက မသိဘဲနေမလား။
ဆရာတွေက သူ့ကိုတွေ့တာနဲ့ ခေါင်းစားဖို့ပဲ
ကြံစည်နေကြတာလား။
တကယ်ပါပဲ! သူ့ဘေးက အကောင်ပေါက်လေးကို
အေးဆေးထိုင်ငေးခွင့်တောင် မပေးကြဘူး.....။တစ်ခန်းလုံးက လူတွေ တီးတိုးတီးတိုးနဲ့
ခေါင်းချင်းဆိုင် အဖြေရှာနေကြချိန်
တစေကတော့ သူ့ဘေးက ဥပေါက်လေးကို ခဏလျစ်လျူရှုထားကာ
ဘောပင်ကိုင်ထားတဲ့လက်တွေကို သွက်သွက်လှုပ်ရှားလိုက်သည်။
သူဒီပုဒ်စာကို မြန်မြန်ဖြေရှင်းနိုင်မှရမည်။
အဲ့ဒါမှ သူ့ဘေးက အလင်္ကာ ဦးနှောက်ခြောက်နေတဲ့ပုံကို
ထိုင်ငေးခွင့်ရမှာ....။
တစေ တွက်လက်စပုဒ်စာကို နှစ်ခါလောက် ခြစ်ချပြီး
နောက်ဆုံးအခေါက်မှာ အဖြေကို မြန်ဆန်စွာ
ထုတ်ဖော်နိုင်ခဲ့သည်။