Ep(48)Highlight~
"သိပ်တော်လွန်းတဲ့ မောင့်ကို တစ်ချက်လောက်တော့ နမ်းပေးပါ"
✰♪✰♪✰♪
"ကျွန်တော် အလင်္ကာနဲ့တွဲနေပြီ!"
တစေ့ရဲ့ရုတ်တရက်ဆန်စွာ ဖွင့်ဟဝန်ခံမှုကြောင့် နားထောင်နေသူတွေအားလုံး တိတ်ဆိတ်ကုန်ကြသည်။
ရောင်ဝါလတ်ကတော့ သူ့သားရဲ့အပြုအမူအပြောအဆိုတွေကို နားမလည်တော့သလို ခံစားနေရသည်။
တစေက ဘာလုပ်ဖို့ ကြံစည်နေတာလဲ။
ဦးညိုမှိုင်းရဲ့ ဒေါသရိပ်တွေကြားမှာ ဝမ်းနည်းမှုအကြည့်ဟာလည်း ကပ်ပါနေတာကို တွေ့တဲ့ အလင်္ကာက တစေ့လက်ကို လွှတ်ပစ်ချင်စိတ်ပေါက်သွားသည်။
အခု တစေတို့ရဲ့မိသားစုပြဿနာကြားမှာ သူက ကန့်လန့်ဝင်ခံနေပြီမလား။ဦးညိုမှိုင်း တစေ့ကို တစ်စုံတစ်ခုပြန်ပြောချင်နေပေမယ့် သူ့နှုတ်ခမ်းတွေက လှုပ်မရတဲ့အပြင် အသံကလည်း လည်ချောင်းမှာ တစ်ပြီးကျန်နေခဲ့သည်။
အားလုံးတိတ်ဆိတ်နေတဲ့ကြားက အလင်္ကာက တစေ့လက်ကို ရုန်းဖို့ပြင်လိုက်သည်။
ဒါပေမယ့် တစေက ရုန်းခွင့်မပေးဘဲ အလင်္ကာ့လက်ကို ပုံမှန်ထက် ပိုပြီး ညှစ်ကိုင်ကာ စကားဆက်ပြောလိုက်သည်။
"ဘယ်ဟာက အမှန် ဘယ်ဟာက အမှားလဲဆိုတာ ကျွန်တော် မသိချင်တော့ဘူး။
ဒါပေမယ့် ဒီမှာရှိတဲ့လူတွေအားလုံးရဲ့အရှေ့မှာ ကျွန်တော်အဖေ့ကို တစ်ခုမေးချင်တယ်"ငြိမ်သပ်နေတဲ့ လေထုက သူတို့မတ်တပ်ရပ်နေတဲ့ ဒီအိမ်ထဲကို နည်းနည်းမှ မထိုးဖောက်သလို ဘာအသံတစ်စုံတရာမှလည်း ရောနှောမနေခဲ့ပါ။ တစေမေးလိုက်သည်။
"ကျွန်တော်က အဖေ့သားအရင်းမဟုတ်ဘူးဆိုတာကို လူသိခံမလား...။ ဒါမှမဟုတ်
အလင်္ကာနဲ့ တရားဝင်တွဲခွင့်ပေးမလား"တစ်သက်လုံး အဖေဖြစ်သူကို မျက်လုံးတောင် စေ့စေ့လှန်မကြည့်ရဲတဲ့ တစေက အခုခက်ခဲတဲ့ ရွေးချယ်မှုနှစ်ခုနဲ့ ဦးညိုမှိုင်းကို ချိန်းခြောက်နေတာလား...။
ဦးညိုမှိုင်း မျက်လုံးထောင့်တွေ နီရဲတက်လာကာ လှေကားလက်ရမ်းဘေးက အလှထားထားတဲ့ ကြွေပန်းအိုးတစ်လုံးကို လက်နဲ့အားကုန်ဆုပ်ကိုင်လိုက်သည်။
အခုစိတ်ရှိတိုင်းသာ ပေါက်ကွဲပစ်ရမယ်ဆို လက်ထဲကပန်းအိုးနဲ့ ရောင်ဝါလတ်မှီထားတဲ့ နံရံကို ပစ်ပေါက်ပြီး ခွဲပစ်တာကြာပြီ။
ဒါပေမယ့် မလုပ်နိုင်ခဲ့ဘူး။
အဲ့လိုလုပ်ဖို့ သူ့မှာခွန်အားရှိမနေခဲ့ဘူး။
သူ့သားက သူ့ကို လွဲမှားတဲ့ နားလည်မှုတွေနဲ့ ရွေးချယ်မှုနှစ်ခုကို ပြင်ဆင်ပြီးနေပြီ။
ဆိုးတာက သူအဲ့နှစ်ခုလုံးကို လိုက်လျောမပေးနိုင်ဘူး။
မြဲတစေဆိုတာ သူ့သားပဲ။ အမြဲတမ်း ထိပ်တန်းမှာရှိနေတဲ့ ညိုမှိုင်းခြေရာကို နင်းမယ့်သား။
နောက်တစ်ခု အဲ့သားက Gayဖြစ်နေတယ်ဆိုတာကိုသာ လူတွေသိသွားခဲ့ရင်....။
ဒါဟာစိတ်ကူးထဲတောင် ထည့်ချင်စရာမကောင်းတဲ့ အောဂလီဆန်စရာ အကြောင်းအရာပဲ။
နှစ်ခုလုံးလက်မခံဘူးလို့သာ ငြင်းလိုက်မယ်ဆိုရင် တဇွတ်ထိုးဆန်တဲ့ တစေက သူဟာ ညိုမှိုင်းရဲ့ သားအရင်း မဟုတ်ပါဘူးဆိုပြီး လူတွေသိအောင် ပြောပစ်မှာ အသေအချာပဲ။
