(U)
Ep(3) Highlight~
ဒီအပြုံးလေးကိုသာ ပိုင်ဆိုင်ရမယ်ဆို
သူ တစ်သက်လုံး ထမင်းမစားဘဲတောင် နေနိုင်သည်။✰♪✰♪✰♪
"ငါ မင်းကို လိုက်မလို့"
မြဲတစေရဲ့ စကားကို ကြားကြားချင်း
အလင်္ကာ့စိတ်ထဲ ထိတ်လန့်ခြင်းနဲ့ ဒေါသကို ချက်ချင်းခံစားလိုက်ရသည်။
ဒါဟာ သူ့ကိုလိုက်မယ်လို့ပြောတဲ့
မြဲတစေကြောင့်တော့မဟုတ်ပါဘူး။အလင်္ကာတို့မိသားစုက ပြည့်စုံချမ်းသာတဲ့ အသိုင်းအဝိုင်းကဆိုပေမယ့်
သူ့အဖိုးနှစ်ယောက်ရဲ့ ဆက်ဆံရေးကြောင့်
တစ်ခါတရံ ပတ်ဝန်းကျင်က သူ့ကိုလာရောက် ထိပါးကြတာတွေ ရှိတတ်သည်။
အဖိုးတို့နှစ်ယောက်က လူသိရှင်ကြား လက်ထပ်ထားကြတာမျိုးမဟုတ်ပေမယ့်
ဟိုးတုန်းကတည်း အတူနေထိုင်လာကြသူတွေမို့ ပတ်ဝန်းကျင်က ရိပ်မိကြပြီး ဖြစ်သည်။
ပြီးပြည့်စုံတဲ့ လူသားတွေမို့
ဘယ်လိုလူကမှ ဝေဖန်အပြစ်မတင်ရဲကြဘူး။
ဒါပေမယ့် အလင်္ကာဝေကျတော့ မတူဘူး။
အစ်မတွေကြားထဲမှာ အထွေးဆုံးဖြစ်ပြီး
အစ်မတွေအားလုံးထက်တောင်
အသားအရေ ပါးလွှာကာ
နုနယ်နေတဲ့ သူ့ပုံစံကို အတန်းဖော်တွေက ကြည့်ရင်း
အခြောက်လေးဆိုပြီး ခေါ်ဆို လှောင်ပြောင်တတ်ကြသည်။
ဒီကြားထဲ နာမည်ကပါ မိန်းကလေးဆန်နေတော့
ပိုပြီး နောက်ပြောင်ချင်ကြတာပေါ့။အမှန်တိုင်းပြောရရင် ဒါဟာ သူ့ပုံစံတစ်ခုတည်းကြောင့်မဟုတ်ဘဲ
အဖိုးတို့ဆက်ဆံရေးကြောင့် လှောင်ပြောင်ခံရခြင်းမျိုးလည်း ပါသည်။
အခုအလင်္ကာက သူ့အဖိုးတို့ကိစ္စနဲ့
သူ့ကို အခြောက်လို့ လှောင်ပြောင်ကြတဲ့ ကိစ္စကို
မြဲတစေက သိပြီး သူ့ကို ရန်လာစတယ်လို့ ထင်မိသွားခြင်းဖြစ်သည်။
သူဟာ မိန်းကလေးတစ်ယောက်ထက် ပိုပြီး နုဖတ်နေတာလွဲရင်
စိတ်ကလုံးဝကို ယောက်ျားတစ်ယောက်အတိုင်းပါပဲ။"ဘာ!!"
အလင်္ကာရဲ့ အာမေဍိတ်သံကို ကြားတာတောင်
တစေက ခပ်ပြုံးပြုံးပဲ ခုံပေါ်ကနေ ကုတင်အဆက်ကိုကူးပြောင်းထိုင်လိုက်ပြီး အလင်္ကာ့ကို စကားပြောဖို့လုပ်သည်။
အလင်္ကာက သူ့အနားကို တစေ ရောက်လာတာနဲ့
အနောက်ကို ထပ်ဆုပ်ပြီး
တစေရဲ့ ဘေးဘက်ကနေ ကွေ့ထွက်ကာ ကုတင်ပေါ်မှဆင်းသည်။
ပြီးမှ မတ်တပ်ထရပ်လိုက်ပြီး မျက်နှာချင်းဆိုင်က
ထိုင်နေတဲ့ တစေကို အတတ်နိုင်ဆုံး လေသံမမာအောင် ထိန်းပြောလိုက်သည်။