Side Couple~(လူပျိုကြီးရဲ့ အချစ်ဦးက မမတဲ့)
(U)
လူတွေပြောကြတာက လင်းလဲ့ဝေဆိုတဲ့
ဆရာဝန်မလေးက အရမ်းကို အေးချမ်းပြီး အိန္ဒြေအပြည့်ရှိတဲ့
အမျိုးသမီးတစ်ယောက်ပါတဲ့လေ။
တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ခြင်းဖြစ်စေ
အမျိုးမျိုးသော နည်းတွေနဲ့ လာရောက်ချဥ်းကပ်သမျှ
ယောက်ျားသားတိုင်းကို
တူညီတဲ့ အကြောင်းပြချက်နဲ့ ငြင်းလွှတ်တတ်တဲ့
သူကလေးမှာ မမေ့နိုင်သေးတဲ့ အချစ်ဦးကောင်လေးတစ်ယောက် ရှိနေခဲ့တယ်။ဒီနေ့ လင်းလဲ့ ဆေးခန်းမှာ ထိုင်နေတုန်း
ဆေးခန်းကို ပထမဆုံးရောက်လာတဲ့လူက
'ဒီဘဝ ဒီအမျှ'လို့ သတ်မှတ်ထားတဲ့
သူ့ရဲ့ ခုနှစ်တန်းက ငယ်ချစ်ဦး နိုင်းယံဖြစ်နေသည်။
လင်းလဲ့ အနေခက်စွာပဲ ထိုင်ခုံပေါ်ကနေ
မတ်တပ်ကောက်ရပ်လိုက်သည်။
နိုင်းယံကလည်း စိတ်လိုလက်ရနဲ့
ပြုံးပြပြီး လင်းလဲ့ဆီကို လျှောက်လာသည်။
ပြီးတော့ သူ့လက်ထဲက ပန်းရောင်ဖိတ်စာလေးကို ကမ်းပေး၏။"ငါ့မင်္ဂလာပွဲအတွက် လာဖိတ်တာ။ လာဖြစ်အောင်လာနော်"
လက်ထပ်ပွဲလာဖိတ်တဲ့ သူ့ပုံစံက ပေါ့ပါးနေလိုက်ပုံများ
လင်းလဲ့က သူနဲ့တွဲခဲ့ဖူးတဲ့ မိန်းကလေးဆိုတာကို
မေ့လျော့နေပုံပေါ်သည်။လင်းလဲ့ တံတွေးကို မျိုချလိုက်ရင်း
နိုင်းယံဆီက ဖိတ်စာကို လက်လွှဲယူလိုက်သည်။
ပြီးတော့ မျက်လုံးအကြည့်ကို လှုပ်ရှားလိုက်ပြီး
"အင်း"ဟု နူးနူးညံ့ညံ့လေး ပြန်ပြောလိုက်သည်။ဒီလိုနဲ့ အသက်သုံးဆယ်ကျော်အရွယ်အမျိုးသမီးတစ်ယောက်က
ဆယ်ကျော်သက်အရွယ်မှာ ချစ်ခဲ့ဖူးတဲ့
လူရဲ့မင်္ဂလာပွဲကို လိပ်ပြာသန့်သန့်နဲ့ တက်ဖို့
ဖြစ်တည်လာတော့သည်။နိုင်းယံ ဖိတ်လို့ လင်းလဲ့သွားရပေမယ့်
သတို့သမီးဘက်ကလည်း လင်းလဲ့ရဲ့ မောင်ဖြစ်သူ
အလင်္ကာကိုလည်း ဖိတ်ထားသေးတာကြောင့်
မောင်နှမနှစ်ယောက်အတူ ပွဲကိုတက်ကြသည်။ခန်းမကိုရောက်တော့ အလင်္ကာနဲ့အတူ
စားပွဲတစ်ခုံမှ ဝင်ထိုင်လိုက်သည်။
လင်းလဲ့က နိုင်းယံရဲ့သူငယ်ချင်းအဖြစ်
ပွဲကိုလာခဲ့ပေမယ့် အလင်္ကာနဲ့တစေရဲ့ ပတ်သတ်ဆက်နွယ်မှုကြောင့် သတို့သမီးဧည့်သည်ဘက်ခြမ်းတွင်သာ နေရာဝင်ယူဖြစ်ကြသည်။