604 71 0
                                    

#Unicode
အချိန်မှာ မွန်းလွဲ ၂ နာရီခွဲ ရှိပြီဖြစ်၍ လွန်း တစ်ယောက် အတော်ပင် လှုပ်လှုပ်ရွရွဖြစ်လာသည်။ အတန်းဆရာအား မြန်နိုင်သမျှ မြန်မြန် ထွက်စေချင်ပြီ။ အခုချိန်လောက်ဆို သော်ငယ်တို့ အတန်းဆင်းလောက်ပြီဟု တွေးရင်း သူ စိတ်စောနေ၏။

" ငြိမ်း။ ဆရာက နှစ်ချိန်ဆက်တိုက် ယူမလို့လား။ နားချိန်တောင် မပေးတော့ဘူးလား။"

ဘေးနားက ငြိမ်းကို ကပ်မေးသည်။ ငြိမ်းက မင်းမသိဘူးလား ဆိုသည့်သဘောနှင့် မျက်မှောင်ကြုတ်ပြီး

" အင်္ဂလိပ်က အစကတည်းက နှစ်ချိန်လေ။ timetable လေး ဘာလေးပြန်ကြည့်ဦး။ မွှန်ပဲ မွှန်မနေနဲ့"

" ဟာ။ ဟုတ်သားပဲ။ "

သူ ကယောက်ချောက်ချား ရေရွတ်လိုက်သည်။ နောက် ချက်ချင်းပဲ အိတ်ကို ကောက်လွယ်၏။ ထိုင်နေရာက ထမည်ကြံတော့ ငြိမ်းက

" လွန်း။ မင်း ဘာလုပ်တာလဲ။ ဆရာ စာသင်နေတယ်လေ။ "

" ဟေ့အေး။ မရတော့ဘူး။ သော်ငယ် အခုချိန်ဆို အတန်းဆင်းလောက်ပြီ"

ပြောပြီး မတ်တပ်ရပ်ဖို့ပြင်ပြန်သည် လွန်းကို ငြိမ်းရော ဟန်လင်းသန့်နှင့် ဝင်းပြည့်မောင်တို့ရော ပုခုံးပေါ်ကနေ ဝိုင်းဖိထားကြသည်။

" အတန်းချိန်ဖျက်ပြီး သွားမှ ရမှာလားကွာ။ အဆောင်မှာလည်း တွေ့နေရတဲ့ဟာ။ နောက်ပြီး ကင်း စလက်ရှင်က နည်းနည်းပါးပါးတော့ လိမ္မာပြမှပေါ့ "

ဟန်လင်းသန့်က အထွတ်တက်လျှင်

" မတူဘူး။ ဒီနေ့ သော်ငယ် တစ်ယောက်တည်း။ ငါ သွားမှဖြစ်မှာ"

" ဒါဆို အတန်းဆင်းမှ သွားလေ။ ဆရာက ၂ချိန်အပြည့်မယူပါဘူး လွန်းရ။ ခဏ စောင့်လိုက်"

" ငါ့ကို လာမတားနဲ့ ဝင်းပြည့်မောင်။ လွှတ်။ ငါ့ကို လွှတ်ကြ။"

လွန်းကလည်း သုံးယောက်အားကို တွန်းကန်ရင်း ရုန်း၏။ မနိုင်သောအခါ

" လွှတ်ပါဆို။ ခွေးကောင်တွေ!"

ခုနက ဆရာ့အသံဖြင့်သာ အသက်ဝင်နေသည့်အခန်းက ယခုတော့ လုံးဝ တိတ်ကျသွားတော့သည်။ ဆရာ အပါအဝင် အတန်းသားအားလုံး၏ အကြည့်များသည် လွန်းတို့ဘက် ရောက်လာ၏။

Agape [ OC ] COMPLETEDWhere stories live. Discover now