၁၀

703 66 1
                                    

#Unicode
" ဖေဖေ။ ဖေဖေ။ "

တစ်ချက်တည်း စူးထွက်လာသည့် အသံကြောင့် ရောက်နေသည့်နေရာဒေသကို ကိုသော် လှည့်ပတ်ကြည့်မိသည်။ လေဆိပ်တစ်ခု။ သူ ထိုနေရာကို ရင်းရင်းနှီးနှီး ရောက်ဖူးသည်။ ဘေးပတ်ပတ်လည်တွင် မှန်ကူကွက်များဖြင့် ကာရန်ထားသလို ဘောင်ခတ်ထားသည့် နယ်မြေတစ်ခုထဲမှာ ကိုသော် ရှိနေ၏။

" မေမေ! သားဆီ ပြန်လာပါ! မေမေ!"

ဟော... ကလေးတစ်ယောက်။ ခပ်လှမ်းလှမ်းက ကော်ရစ်ဒါဘေး ခုံတန်းရှည်ပေါ် အထီးတည်းထိုင်နေသည့် ကောင်ငယ်လေးကို လူးလာခေါက်တုံ့ဖြတ်သန်းသွားလာနေကြသည့် လူအုပ်တွေကြားထဲ ကိုသော် ထင်ရှားစွာ တွေ့ရသည်။ ဆံရိတ်ပြီးခါစ ပြောင်တင်းပြီး အလင်းပြန်နေသည့် ကတုံးခေါင်းနှင့် လက်နှစ်ဖက်ဆန့်တန်း၍ တစ်ယောက်ယောက် သူ့ကိုလာခေါ်ပါစေဟု မျှော်လင့်နေသည့်ဟန်ဖြင့် အော်ဟစ် မြည်တမ်းနေ၏။ မျက်နှာချင်းဆိုင် တစ်ဖက်တွင်ရပ်နေသည့် ကိုသော်မှာ မျက်စိရှေ့မှ များပြားလှစွာသော လူသားများ၏ ခြေလှမ်းတို့ကြောင့် ကလေးကို မြင်ရတစ်ချက်၊ မမြင်ရတစ်ချက်။ မရပ်မနားငိုရှိုက်နေသော ထိုကလေးအား သူ မျက်ရည်သုတ် ချော့မော့ပေးချင်လှသည်။ လက်ထဲရှိ အသေဆုပ်ကိုင်ထားသော ဆွဲကြိုးဆီ ကိုသော် အကြည့်ရောက်သွားတော့ ရှုပ်ထွေးလွန်းသော သက်ရှိများကို ရှောင်ရင်းဖယ်ရင်း လမ်းတစ်ဖက်မှာရှိသည့် ထိုကလေးဆီ တွန်းတွန်းတိုက်တိုက်ဖြင့် ပြေးလာနေစဉ်

" ဟမ်~~~~~"

ရုတ်တရက် ဖြတ်ခနဲ ရှင်းထွက်သွားသော လူသူများ။ သက်ရှိတစ်ဦးတလေ၏ မည်သည့်အရိပ်အယောင်ကိုမျှ ကိုသော် မခံစားမိသည့်အပြင် သူရပ်နေရာသည် ခုနက လေဆိပ်မဟုတ်တော့ဘဲ ဘုရားကျောင်းတစ်ခု၏ ဝတ်ပြုဆုတောင်းခန်းမထဲတွင် ဖြစ်နေသည်။ လေတိုးသံပင် မကြားရအောင် ငြိမ်သက်နေဆဲဝန်းကျင်မှာ ကိုသော် ကိုယ့်အသက်ရှူသံ ကိုယ် ပြန်ကြားရသည်အထိ။ အလုံပိတ်မှောင်နေသည့်အခန်းထဲ မျက်နှာကျက် တစ်နေရာမှ ထိုးဖြာကျနေသော အလင်းပေါက်လေး တစ်ခုဆီ ကိုသော့်အကြည့်တို့ဆိုက်ရောက်သွားလျှင်သွားချင်း ကျိန်းစပ်သွားသော မျက်ဝန်းတွေကို စုံမှိတ်ချမိသည်။

Agape [ OC ] COMPLETEDWhere stories live. Discover now