၂၇

321 28 1
                                    

" မင်း ဘယ်ကနေဘယ်လို ချက်ချင်းကြီး ဆုံးဖြတ်လိုက်တာလဲ လွန်းမောင်။ ဒီလိုလုပ်ဖို့ သေချာရောစဉ်းစားခဲ့ရဲ့လား?"

နောက်ဆုံးတွင် ကိုသော်တစ်ယောက်ညတွင်းချင်း လွန်း၏အိမ်သို့လိုက်လာရပါတော့သည်။ အိမ်ပြောင်းလျှင်တောင် မနက်ဖြန်မှပြောင်းမည်ဟုပြောသည်ကို လွန်းမောင်သည် အရင်က ကိုသော့်စကားအားအလေးထားတတ်သောကောင်လေးဖြစ်ခဲ့သည်နှင့်ဆန့်ကျင်စွာ အတင်းအကျပ် သူ့အိမ်သို့ချက်ချင်းလိုက်ခဲ့ရန်ခေါ်သည်။ အဲသည်အချိန်တုန်းကဆိုလျှင် ကိုယံ့အား မျက်နှာပူသည်ကတစ်မျိုး အန်ကယ်လ်တို့ကို အားနာသည်ကတစ်မျိုးဖြင့် ကိုသော့်ဘက်ကလည်း လုံးလုံးငြင်းဆန်ခဲ့သည်။ သို့သော် နောက်ဆုံး၌

" သော်ငယ်က ကျွန်တော့်အပိုင်နော်! ကျွန်တော်နဲ့လိုက်ခဲ့ရမယ်!"

ပုံမှန်ထက်အနည်းငယ်ကျယ်လာသည့် လွန်းမောင်၏ အသံက အဖျားခတ်သွားသဖြင့် မျက်နှာကို ‎မော့ကြည့်လိုက်မိသည်။ မျက်ရည်စတို့ရစ်သိုင်းနေသော မျက်ဝန်းတို့က ကိုသော်တစ်ခါမျှမမြင်မတွေ့ဖူးသည့် လွန်းမောင်၏ အထက်စီးဆန်ဆန်ဘက်ခြမ်းကို ထင်ရှားစွာ လှစ်ဟပြနေသည်။

" လွန်းဒီမောင်~~~~!"

ကိုယံက အန်ကယ်လ်တို့ကိုအားနာ၍ လွန်းအား ဆူဆဲချင်သော်လည်း စိတ်ထိန်းနေရသည့်ဟန်။

"ဟေ့ ! သားမောင်? အတင်းအကျပ်မလုပ်နဲ့လေ။ သားသော်ဘက်ကိုလည်းကြည့်ပေးမှ‎ပေါ့။ "

ဦးဒီမောင်ကပါ သားဖြစ်သူကို ဝင်တားရသည်။

"သော်ငယ့်ဘက်ကိုကြည့်လို့ခေါ်တာ ဖေဖေ။ ကျွန်တော်နဲ့နေတာကမှ သော်ငယ့်အတွက် အလုံခြုံဆုံးဖြစ်မှာ။ ဟုတ်တယ်မလား ကိုယံ"

ကိုသော့်လက်အား လွန်းက စွဲစွဲမြဲမြဲကိုကိုင်ထားသည်။ ကိုယံကလည်း အလျှော့မပေးနိုင်။ ကိုသော်ဟာ သူ့ညီ။ တိတ်တဆိတ်စေ့စပ်ပြီးသည်ဆိုရုံနှင့် ကိုသော့်အား လွန်းဒီမောင် ပိုင်စိုးပိုင်နင်းလုပ်ဖို့မလိုဟုဆုံးဖြတ်ထားသည်။

" မင်းက ကိုသော်တစ်ယောက်တည်းအတွက်ပဲကြည့်တာလေ လွန်းဒီမောင်။ လူတစ်ယောက်ကိုချစ်ရင် သူနဲ့ပတ်သက်တဲ့ မိသားစုဝင်တွေကိုပါ ကြည်ဖြူပေးရမယ်မဟုတ်ဘူးလား?"

Agape [ OC ] COMPLETEDWhere stories live. Discover now