၂၁

379 31 0
                                    

" သော်ငယ်ဗျ"

"ဟင်~~~"

ကိုသော်က စာကြည့်နေရင်းမှ ခပ်လေးလေးထူးသည်။ တကယ်က စာထဲစိတ်မရောက်ဘဲ ခုနက လွန်းမောင်ပြောသည့် မိဘတွေ သဘောတူပြီးသား ဟူသော စကားကိုသာ။ သို့သော် သူ ထပ်မမေးဖြစ်။ ငြိမ်း နောက်ဆုတ်အောင် လွန်းမောင် သက်သက်ပြောသည်လည်းဖြစ်နိုင်၏။

" ကျွန်တော်ဒီမှာပဲ အိပ်လို့ရလား"

"မရပါဘူး။ ဆရာသိရင် သေမှာ။"

တစ်ဖက်မှ ကိုယံကတော့ နေရာဖယ်မပေးချင်၍ သူတို့ဘက် လှည့်တကြည့်ကြည့်နှင့် ခြင်ထောင်ပင် ထထောင်နေပြီဖြစ်သည်။ ထိုအချိန်တွင်

ဒေါက် ဒေါက်!

အခန်းတံခါးခေါက်သံ။ အဝသို့ကြည့်မိသောအခါ

"ဪ...ဝင်းပြည့် လာလေ"

ကိုသော်သည် ဖော်ဖော်ရွေရွေခေါ်ပေမယ့် လွန်းမှာ မျက်နှာလွှဲထား၏။ ခပ်ကုပ်ကုပ်လေးဝင်လာသော ဝင်းပြည့်မောင်က ဘယ်တွင်ထိုင်ရမှန်းမသိ၍ မတ်တပ်ရပ်လျက်သာရှိသည်။

"ဟိုလေ ... အစ်ကိုသော်"

ပြောမည့်အရေးတွင် လွန်းကိုလည်း ကြည့်ရသေး၏။

"ဒီမှာထိုင် ညီ"

ကိုသော်က ခုတင်ပေါ်ရှိ သူ့ဘေးမှနေရာလွတ်ကို ပုတ်ပြ၍ခေါ်တော့ ဝင်ထိုင်ပြီး

" အမှန်တော့... ငြိမ်းက လွန်းထက် ကိုသော့်ကို စတွေ့ခဲ့တယ်ဆိုတာဟုတ်ပါတယ်။"

မျက်လုံးစုံမှိတ်ကာ ငြိမ်းအစားဝန်ခံပေးလေ၏။ ထို့နောက်တွင်ဖြင့် ဝင်းပြည့်မောင်တစ်ယောက် ငြိမ်းအကြောင်းကို ခြေဟန်လက်ဟန်နှင့် တိုးတိုးတိတ်တိတ် ဖောက်သည်ပြန်ချတော့သည်။

________________________________________________

တစ်ဖက်ခန်းတွင်မူ ငြိမ်းသည် ကိုသော့်အား စတွေ့သည့်နေ့မှစ၍ အတိတ်၏ နောင်တတို့ကို ပြန်လည်တူးဆွတွေးတောရင်းရှိနေသည်။

" အေး! ငါတို့တွဲနေတာ"

"ဟေ?!"

ဟန်လင်းသန့်တို့၏ အကြောင်းကိုသိပြီးနောက်၌ သူ အခန်းပြန်၊ ဖုန်းယူကာ အဆောင်အောက်ထပ်ဆင်း၍ လွန်းဆီဖုန်းခေါ်ပြီး အတင်းပြောခဲ့တာမှတ်မိ၏။

Agape [ OC ] COMPLETEDWhere stories live. Discover now