#Unicode
" ရှိသမျှအချိန်တွေရယ်မင်းအရိပ်များထဲ လွင့်ပျောက်သွားဆဲ~~~"
ညဦးယံတွင် အစိုင်း၏ ဖန်သားနန်းတော် သီချင်းက ဂီတာကီးဖြင့် အဆောင်အောက်ကနေ ကိုသော်တို့အခန်းထဲထိ သာသာယာယာလွင့်ပျံလာသည်။ သိမ်သိမ်မွေ့မွေ့နှင့် တည်တံ့စွာ အနည်းငယ်ဩဩလေးဖြစ်နေသော အသံကိုကြားသည်နှင့် ဘယ်သူလဲဟု ကိုသော်ပြေးကြည့်စရာမလို။ သူတို့ ညီအစ်ကိုနှစ်ယောက် အခန်းရှေ့ထွက်လို့ ဝရံတာပေါ်လက်ထောက်ပြီး နားထောင်ကြသည်။ ကိုယံက စ၍
" ကီးကလည်း ကြောင်တာ"
ဟူ၍ ထောမနာပြုသည်။ နည်းနည်းတော့မှန်သည်ဟု ကိုသော်ထင်သည်။ ဂီတာသံစဉ်တစ်ခုတည်းဖြစ်နေသည်က တစ်ကြောင်း၊ တစ်ချက်တစ်ချက် လွန်းမောင်နောက်မှဟာမိုနီလိုက်ပေးကြသော ကောင်လေးသုံးယောက်ကြောင့် တစ်ကြောင်း ဟန်ပျက်နေတာတော့ အမှန်ပင်။ ဂီတာငုံ့တီးနေသော လွန်းမောင်ကို မြင်ပြီး ကိုသော်က သက်ပြင်းရှည်ကြီးရှိုက်သွင်းသည်။ ဒါကို သတိထားမိသည့် ကိုယံသည် ကိုသော့်ကိုတလှည့်၊ အောက်က လွန်းကို တလှည့်ကြည့်ပြီး
" ညီတို့နှစ်ယောက် ညနေက ဘာဖြစ်ကြတာလဲ။ အဆောင်ပြန်တာလည်း နောက်ကျတယ်။ လွန်းဒီမောင်လည်း ပါးတစ်ဖက်ကြီးနီလို့။ ဘာလဲ။ သူ ညီ့ကို အနိုင်ကျင့်သေးလား"
ထိုအမေးကြောင့် ကိုသော်ချက်ချင်းခေါင်းယမ်း၍ပြသည်။
" မဟုတ်ပါဘူး။ ကျွန်တော်လေ....."
"အင်း ဘာဖြစ်လဲ။ ညီ့စိတ်ထဲ ဘာတွေဖြစ်နေလဲ။ ကိုယ့်ကိုပြော"
အစက ညီဖြစ်သူအား အရိပ်တကြည့်ကြည့်နေခဲ့သော ကိုယံသည် ဒီရက်ပိုင်းအတွင်း ကိုသော့်အပေါ် သိပ်ဂရုမစိုက်မိခဲ့၍ အတိုးချပြီး နှစ်သိမ့်ချင်နေပုံပေါ်သည်။ ကိုသော်က လွန်းကို ငုံ့ငေးကြည့်နေရင်း စိတ်အိုက်နေသည့်ဟန် ညည်းတွားသလိုဆိုလာသည်မှာ
" သွန်းကိုသာ မချစ်မိခဲ့ရင်... ကျွန်တော် သူ့အတွက် နေပျော်ပေးချင်ပါတယ်"
ကိုသော်မေးဆတ်ပြရာ ကိုယံကြည့်မိတော့ မျက်လုံးမှိတ်လို့ ဈာန်အဝင်ကြီးဝင်နေပြီး ကျယ်လောင်ကျယ်လောင် သီချင်းဆိုနေသည့် လွန်းဒီမောင်ကိုတွေ့သည်။ ကိုသော်က အလေးအနက်ပြောသော်လည်း ကိုယံ့မှာတော့ 'ဒီကောင့်အတွက်များ' ဟုတွေးရင်း မျက်နှာရှုံ့မဲ့နေသည်။
YOU ARE READING
Agape [ OC ] COMPLETED
RomanceNo Zawgyi available. 🙏 Please do not share on any social media platform.