" လွန်းမောင် မပိတ်ပါနဲ့ဦးလား။ ပန်းနံ့လေးမွှေးတယ်။"
ညနေက မိုးရွာထား၍ အေးအေးချမ်းချမ်းရှိလှရာ အခန်းပြူတင်းတံခါးကို ပိတ်မည့်ကျန် နောက်မှ စာအုပ်ဖတ်နေသော သော်ငယ်သည် လှမ်းတား၏။
" စကားဝါပန်းရနံ့လေး ရလား လွန်းမောင်?"
သူတို့ အိမ်ပတ်လည်တွင် အပင်ကြီးငယ် ပေါင်းစုံသလောက်ကို စနစ်တကျစိုက်ပျိုးထားသည်။ သစ်ပင်စိုက်ဝါသနာပါသော ဦးဒီမောင်ကြောင့်လည်းပါ၏။ စကားဝါပန်းပင်နှင့် မရမ်းပင်သည် လွန်းအခန်းရှေ့တည့်တည့်တွင် ရှိသည်။ ကဆုန်လ၏ ရာသီပန်းဖြစ်သည်ဆိုစေကာမူ တန်းခူးလမှစ၍ပွင့်သည်။
တံခါးကိုမပိတ်သေးဘဲ လွန်း ပြန်လျှောက်လာပြီး သူ၏အိန်ဂျယ်ဘေးနား ထိုင်သည်။ စောင်အပါးလေးလွှမ်းထားသော သော်ငယ့်ပေါင်ပေါ်တွင်မူ ဖွင့်လျက်သား မြန်မာဂန္ထဝင်အတွဲ၂ စာအုပ်ထူထူတစ်အုပ်ရှိနေသည်။ လှန်ထားသော စာမျက်နှာအရ ဝတ္ထုနာမည်သည် ဘီအေမောင်ဘလွင်တဲ့။
" ပန်းရနံ့နဲ့ စာဖတ်ရတာ ခံစားချက်တစ်မျိုးကောင်းတယ် လွန်းမောင်။ "
စာအုပ်ကိုကြည့်နေရာမှ မျက်နှာမလွှဲဘဲ ဆိုခြင်းဖြစ်သည်။
" သော်ငယ် ဖတ်လို့အဆင်ရောပြေရဲ့လားဗျ။ အရင်ခေတ်က စကားတွေနဲ့ဆိုတော့။ စာလုံးတွေကလည်း သေးသေးလေး "
ကိုသော်က ခေါင်းညိတ်၍
" အစကတော့ ကိုထွန်းမြတ်ကိုသနားတာပဲ။ ဒါပေမယ့် နောက်ဆုံးနား ခင်စိန်ကြည်ခံစားရတော့လည်း ခင်စိန်ကြည်ကို သနားပြန်ရော။ "
ဖတ်နေဆဲသည် ဘီအေမောင်ဘလွင်ဖြစ်သော်လည်း ရှေ့မှ ရတနာပုံအကြောင်း ခံစားပြောပြနေသူ သော်ငယ်။
" သော်ငယ် ကြာကြာဖတ်ရင် မျက်စိကျန်းမာရေးအတွက် မကောင်းဘူးနော်။ မနက်ဖြန်မှထပ်ဖတ်လေ။ "
ဆိုလျှင် သူ့ဘေးမှအမျိုးသားသည် စာအုပ်ကိုပိတ်လိုက်ကာ တစ်စုံတစ်ခုအား မှတ်ဉာဏ်ထဲထည့်နေဟန် မျက်လုံးမှိတ်၍ နှုတ်မှ အသံတိတ်ရွတ်ဆိုနေသည်။
" သော်ငယ် ကျွန်တော့်ကိုရော မဝေမျှချင်ဘူးလားဗျ။ ဘာတွေများ မှတ်နေတာလဲဟင်?"
STAI LEGGENDO
Agape [ OC ] COMPLETED
Storie d'amoreNo Zawgyi available. 🙏 Please do not share on any social media platform.