" သူရိန် ။ မှန်မှန်ပြောစမ်း မင်းညီကို ဘာလုပ်ခဲ့လဲ?"
" ကျစ်! ဘာမှမလုပ်ခဲ့ဘူး ဆိုဗျာ။ "
ကိုသော် ညဘက် သူတို့အိမ်အထိ သွား၍ သူရိန့်ကို မေးသည်။ သူရိန် ဘူးခါ၏။
" မင်း ဒီလိုပဲလုပ်နေမှာလား? မင်းညီ အဲဒီနေ့ကတည်းက ကျောင်းမတက်တာပါဆို။ သေသလား ရှင်သလားလည်း မသိရ။ "
" တကယ် ဘာမှမလုပ်လို့ ဘာမှမလုပ်ဘူးပြောတာလေ! "
" သူရိန်ဦးဝေ!"
ညီအစ်ကိုနှစ်ယောက် အပြန်အလှန် အော်ကြသည်။
" နားငြီးတယ်!"
အောက်မှ ကြယ်စင်က လှမ်းအော်သည်။ အသံဗလံတွေကြားတော့ လသာဆောင်တွင် ဂီတာထိုင်တီးနေသော ကိုယံ ဝင်လာကာ
" ဘာတွေဖြစ်ကြတာလဲ?"
လွန်းက ဒီလိုဒီကြောင်းရှိသည်ဟု ရှင်းပြလိုက်ရာ အဖြစ်အပျက်အစကို မီလိုက်သော ကိုယံလည်း စိတ်ပူပြီး ကိုသော့်ကို အမျိုးမျိုးနာမည်ဖျက် သတင်းဖွသည့်အကောင့်နောက်ကွယ်ကလူသည် မင်းကိုကိုဖြစ်ကြောင်း၊ ဖြစ်ချင်တော့ ဤအကြောင်းကို မထင်မှတ်ထားစွာ သူရိန်သိသွားကြောင်း၊ ထိုနေ့က သူတို့တွေ အတူလူစုံစုံ လျှောက်လည်ကြသည့်နေ့ဖြစ်ကြောင်း၊ ပြောခွင့်မသာ၍ မပြောခဲ့ရကြောင်း၊ သူကိုယ်တိုင်လည်း သူရိန် အေးဆေးအိမ်ပြန်ရောက်လာတော့ ဘာမှဖြစ်မှာမဟုတ်ပါဘူးလေဟု ပေါ့ပေါ့တွေးထားလိုက်ကြောင်း စသဖြင့် ရှင်းပြရာ ကိုသော် ချိတ်ဆက်တွေးကြည့်လျှင်
" ငါ မင်းကို ဖုန်းဆက်တုန်းက မင်းပြောတာ မင်းကိုယ်တိုင် မင်းညီကို အိမ်အထိလိုက်ပို့ပေးတယ်၊ ပြီးတော့ မင်းကိုကိုနဲ့တောင် စကားပြောလာသေးတယ်ဆို? "
"..."
" ဘာဖြစ်ခဲ့တာလဲ သူရိန်! မင်း ဘာတွေ သွားပြောခဲ့တာလဲ? "
အချေအတင်ဖြစ်နေစဉ် တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ကိုသော့်ဖုန်းထဲ နံပါတ်စိမ်းနှင့် ဖုန်းဝင်လာသည်။ ရင်ထဲလည်း တစ်မျိုးဖြစ်သွား၏။ သူ ချက်ချင်းကိုင်လိုက်သည်။
" ဟယ်လို?"
" ကျွန်တော်ပါ ကိုသော်။ မင်းညီညီ။ "
YOU ARE READING
Agape [ OC ] COMPLETED
RomanceNo Zawgyi available. 🙏 Please do not share on any social media platform.