၁၂

507 50 0
                                    


" အစက ကိုသော် မိန်းကလေးလိုဝတ်ပြီး လွန်းကို နောက်တယ် မှတ်တာ။ အဲဒါကို လွန်းက လူမှားပြီး ထိုးတယ်ပေါ့။ ကျွန်တော်တို့လည်း ကြောင်ရပ်နေမိတယ်ဗျာ။ နောက်တော့ ကိုယံပြောမှ ကိုသော့်မှာ ရုပ်ချင်းတူတဲ့ အမြွှာညီမရှိကြောင်း သိရတာ။ တော်သေးတာပေါ့။ မသေကောင်း မပျောက်ကောင်း"

မျက်မှန်တပင့်ပင့်နှင့် ဝင်းပြည့်မောင်က ကိုသော့်ဘက်လှည့်ကာ လက်ဟန်ခြေဟန်ဖြင့် ပြူးပြူးပြာပြာရှင်းပြနေသည်။ ထိုအခါမှ ကိုသော် ဇာတ်ရည်လည်ပြီး လွန်းမောင်နှင့် သော်တာ တို့ ဆုံပြီးကြပြီဟု သဘောပေါက်လိုက်၏။ သွန်းတစ်ယောက် ခဲခဲယဉ်းယဉ်း လုပ်ခဲ့သော တားဆီးမှုများမှာ ရေစုန်မျောသွားသည့်အပြင် မော်ကွန်းထိန်း၏ သတိပေးခြင်းလည်း ခံခဲ့ရသည်တဲ့။ ထို့ကြောင့် ကိုသော့် ရင်ထဲ သွန်းကို စိတ်ဆိုးရမလို၊ သနားရမလို ။

" ပြီးတော့လေ ငြိမ်းကိုလည်း စိတ်မခုပါနဲ့နော် အစ်ကိုသော်။ သူ့သူငယ်ချင်းဆိုတော့ သူလည်း အရမ်းဒေါသထွက်သွားလို့ ကိုသော့်ကို တွန်းလိုက်မိတာ"

ငြိမ်းအစား ဝင်းပြည့်မောင်ပဲ တောင်းပန်ပေးရသည်။ ထိုအခါ ဘေးတွင်ရပ်နေသည့် ကိုယံက

" မင်းတို့သူငယ်ချင်းကလည်း လွန်ကိုလွန်တယ်။ ခေါင်းကွဲတာ ဆေးရုံတန်းမသွားဘဲ ကိုသော့်ကို လာရှာရတယ်လို့။ သူ့ကြောင့် ငါ့ညီက အခု တရားခံဖြစ်ပြီ။ ဒါတောင် ကိုသော့်ကို ဟို... ဖာငြိမ်းက ထိပါးရဲသေးတယ်။ လွန်းဒီမောင်ရဲ့ လုပ်ရပ်ကိုက မဟုတ်တာလေ!"

နဂိုစိတ်ဆက်သည့် ကိုယံသည် စိတ်တိုပြီး အားမနာတမ်း အပြစ်တင်တော့၏။ ဟုတ်သည် ။ အရင်ကတည်းက အငုံ့စိတ် ဓာတ်ခံရှိသည့် ညီဖြစ်သူကိုမှ သူ့တို့ဘက်က မာရေကြောရေနှင့် ။ ကိုယံ တွေးလေလေ ထိုဖာငြိမ်းဆိုသူကို အရေခွံနွှာပစ်ချင်သည်အထိ လည်ပင်းကြောတွေထောင်ထလာ၏။ ကိုယံ့အရိပ်အကဲ ခတ်တတ်သည့် မယ်လေးမှာမူ လွန်းလှဲနေရာ ခုတင်ခြေရင်းတွင်ထိုင်နေရင်းက

" ဪ... သူမပြောနဲ့။ ကိုသော် ကိုယံ နဲ့ အတူမရှိဘူးလို့ ကြားတုန်းက ညီမတို့တောင် မျက်လုံးတွေပြာထွက်ကုန်တာ။ လွန်းဆို ပိုဆိုးမှာပေါ့။ သူက ကိုသော့်ကို မျက်စိအောက်က အပျောက်မခံနိုင်အောင်ကို ချစ်... အဲ"

Agape [ OC ] COMPLETEDWhere stories live. Discover now