၁၅

533 43 1
                                    


"ဟုတ်ကဲ့ ဖေဖေ"

သူ ကားရှေ့ခန်းက လွန်းမောင်ကို ဖုန်းပြန်ပေးလိုက်သည်။ အိမ်ဖုန်းနံပါတ်ကို လွန်းမောင် ဘယ်လိုရသွားမှန်း ကိုသော်မသိ။ ဖုန်းကိုင်သော ဖေဖေ့အား ပရောဂျက်က တော်တော်ကြီး၍ ဒီညပြန်မအိပ်နိုင်ကြောင်း၊  ဒီနေ့မှပြန်ရောက်သောမိဘများနှင့် အတူမနေရ၍ ကိုသော်က စိတ်မကောင်းဖြစ်နေကြောင်း၊ ဖြစ်နိုင်လျှင် ကိုသော့်အိမ်လိုက်လုပ်ပေးချင်ကြောင်း၊ သို့သော်လည်း သူ့အိမ်မှာပဲလုပ်ဖြစ်သွားကြောင်း၊ ပရောဂျက်က မနက်ဖြန်နောက်ဆုံးတင်ရမည်ဖြစ်ကြောင်း၊ လမ်းတွင်သာရှိသေးသည်ကို အိမ်မှာဖြစ်ကြောင်း စသဖြင့် မွှတ်နေအောင် ပြောနိုင်သော လွန်းမောင်အား ကိုသော် လက်ဖျားခါ၏။ နောက်တော့ ကိုယ့်စကားနှင့်ကိုယ်ပြန်ထိသည့်သူလည်း လွန်းမောင်ပြောသည့်အတိုင်း ဖေဖေ့အား လိမ်လိုက်ရတော့သည်။  

" အပြစ်လုပ်မယ်ဆိုတာ မင်းအိမ်ခေါ်သွားမှာကိုပြောတာလား လွန်းမောင်"

အဖြေပြန်မပေးဘဲ ရယ်ကျဲကျဲလုပ်နေသည့် စကားတတ်သော ကောင်လေးကို ကိုသော် ဩချမိ၍ အသံထွက်အောင် ရယ်မောမိသည်အထိပင်။

_______________________________________

နံဘေးနှစ်ဖက်မှ တရိပ်ရိပ်ပြေးလွှားလျက်ရှိသော အဆုံးမဲ့လုနီး သစ်ပင်တောတောင်တို့က စိမ်းရာမှ ပြာ၊ ပြာရာမှ ညိုမှောင်လာသည်။ ကိုသော် ဖုန်းဖွင့်ပြီး နာရီကြည့်မိတော့ ညနေ၆နာရီကျော်နေပြီဖြစ်သည်။ ပတ်ဝန်းကျင်လေထုသည် ရန်ကုန်နှင့် ဝေးဝေးလာလေ ပို၍ လတ်ဆတ်လာလေ၊ ပို၍လည်း ချမ်းအေးလာလေ။ လျှံဖြာကျလာခါစ လရောင်ကို မျှော်ငေးမြဲတိုင်း ငေးနေတုန်း

" သော်ငယ် အေးမယ်နော်"

သတိပေးသူသည်အဆင်သင့်။ သူ ကားမှန်ကို ပြန်ချလိုက်သည်။

"ရောက်တော့မှာလား လွန်းမောင်"

"ဟုတ် ။ ရှေ့နားက ကျွန်တော်တို့ရပ်ကွက်"

ကိုသော် ခေါင်းညိတ်ပြီး ငြိမ်သက်စွာ လိုက်ပါလာသည်။ သူစိမ်းတစ်ယောက်၏ အိမ်ကို လိုက်ခဲ့ရသည်ဆိုပေမယ့် သူ စိတ်မလှုပ်ရှားမိ။ ဒါဟာ ညနေက ပြဿနာအရှိန်ကြောင့်လည်းဖြစ်နိုင်သည်။

Agape [ OC ] COMPLETEDHikayelerin yaşadığı yer. Şimdi keşfedin