Part 54

6K 215 10
                                    

Unicode ver

''ကလေး!!!!´´

တွေ့လိုက်ရသောမြင်ကွင်းဟာ လွန်စွာမှသွေးပျက်သွားစေ၏။ထို့အတူကောင်းကင်မျိုးဆက်ရဲ့အော်သံဟာလည်း ရင်ကွဲလုမျှဖြစ်သည်။သို့သော် ဝိုင်းပြီးထိန်းချုပ်ထားသည့်လက်တွေကြားမှ ပုံလျက်သားလေးခွေလဲကျသွားသည့်ကလေးကတော့ သူ့အော်သံကိုလည်းမကြားနိုင်စွာ သတိလစ်သွားခဲ့လေပြီ။

''ငယ်!
ငယ်!!´´

''တောက်!!´´

ဒေါ်မိုးပွင့်လွှာထံမှဒေါသတကြီးတက်ခေါက်သံကြားလိုက်ရပေမယ့် ကောင်းကင်မျိုးဆက်ဘာမှဂရုမစိုက်နိုင်စွာ ထိုနေရာမှအရူးမီးဝိုင်းထပြေးသွားမိ၏။ရင်ဘတ်နဲ့ကျောပြင်ပေါ်ကဒဏ်ချက်တွေဟာ အောင့်သက်နေအောင်နာသည်။ခြေထောက်တွေကလည်းအလှမ်းမမှန်နိုင်စွာညွှတ်ခွေနေပေမယ့် အလူးအလဲနှင့်ပင် ကလေးရှိရာဆီသူ,ရအောင်ပြေးသည်။

အသားပေါ်ရှိတဲ့ဒဏ်ရာက မှီနိုင်ပါ့မလား။အခုဒီရင်ဘတ်အတွင်းထဲက သေလောက်အောင်နာကျင်နေရခြင်းကိုလေ...။

''ကလေး!
မောင့်ကို...မောင့်ကိုကြည့်ပါဦး´´

''ဖယ်စမ်း! မထိနဲ့
နင့်လက်နဲ့ငါ့သမီးကိုမထိနဲ့´´

အစေခံတွေလက်ထဲပျော့ခွေနေသည့်ကိုယ်လေးကို ဖက်ထားဖို့ကြိုးစားလိုက်ပေမယ့် တကယ်တမ်းသူ့မှာထိခွင့်တောင်မရ။လှမ်းသည့်လက်တွေကို ဒေါ်မိုးပွင့်လွှာက ခပ်ကြမ်းကြမ်းပုတ်ချပစ်ကာ စူးဝါးသည့်အသံဖြင့်အော်ဟစ်နေလေ၏။

''ဘာလုပ်နေကြတာလဲ
ကလေးကိုမြန်မြန်ခေါ်မသွားဘဲနဲ့
သမီးကိုအခန်းထဲပို့လိုက်...ချက်ချင်းဒေါက်တာ့ကိုခေါ်´´

''သား!´´

ကလေးကိုပွေ့ခေါ်သွားသည်အား သူစူးစူးစိုက်စိုက်ငေးနေမိစဥ် အဖေ့ရဲ့စိုးရိမ်တကြီးအော်ခေါ်သံကနားထဲတိုးဝင်လာ၏။အဖေနှင့်အတူ သူဌေးလည်းအနားသို့အပြေးရောက်လာပါသည်။

''ဘာတွေဖြစ်နေကြတာလဲ
မိုးပွင့် မင်းဘာတွေလုပ်နေတာလဲ´´

ဦးစိုင်းမာန်နှင့်ဦးနေမျိုးဆက်က အလုပ်ကိစ္စကြောင့်သွားအတူလာအတူဖြစ်နေတာမို့ ယခုမှနှစ်ယောက်လုံးအိမ်ရောက်လာခြင်းဖြစ်သည်။အိမ်မှာဖြစ်ပျက်နေသည့် ကနဦးအခြေအနေများကိုမမြင်လိုက်ရဘဲ အခုပြန်ရောက်လာတော့ သမီးကသတိလစ်မေ့မျောတဲ့အထိဖြစ်သွားခဲ့ပြီး ကျန်ခဲ့တဲ့သားကိုကြည့်တော့ အရိုက်ခံထားရတဲ့ဒဏ်ရာတွေနဲ့ဖြစ်သည်။

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Donde viven las historias. Descúbrelo ahora