အခန်း - ( ၃၅ )【 U 】

917 123 25
                                    

ကျွန်တော်ကပုတ်ခတ်ခံမှာကိုကြောက်နေသေးလို့လား

__________________________________

ရှစ်လော့သည်သူနှင့်ယွီဆွေ့၏စကားပြောခန်းထံကြည့်နေမိပြီး ၊ “ ခရီးဆောင်အိတ်ရောထုပ်ပိုးပြီးပြီလား ?” ဟူသည့်စာကိုကြည့်ကာသူသည်အနည်းငယ်မျှနာကျင်လာခဲ့၏။
နှစ်ဦးသားတို့မှာအစဉ်နေရခက်သည့်အခြေအနေတွင်သာရှိနေခဲ့ကြပြီး ၊ လွန်ခဲ့သည့်နှစ်ရက်မှတိုက်ရိုက်ထုတ်လွှင့်မှုတွင်မတော်တဆတွေ့ဆုံခဲ့ကြချိန်မှစ၍အဆက်အသွယ်လည်းထပ်မရှိခဲ့ကြပါချေ။

ယနေ့တွင်သူငယ်ချင်းအဖြစ်ထည့်လိုက်ကြခြင်းမှာလည်းမြန်ဆန်လှရာနှစ်ဦးသားကြားရှိအခြေအနေမှာပါးလွှာစိမ်းသက်နေဆဲ ၊ ရှစ်လော့သည်ပင်ယခုယွီဆွေ့အပေါ်တွင်သူမည်သို့ခံစားနေရသည်ကိုတိကျစွာမဆိုနိုင်ပါပေ။

ထိုသူ့ကိုမုန်းတီးမိခြင်းမှာလည်းအမှန် ၊ ထိုသူ့ကိုနားလည်ပေးနိုင်ခြင်းမှာလည်းအမှန်။ ထိုသူ့ကြောင့်စိတ်နှလုံးမအေးချမ်းနိုင်ခဲ့သည်မှာလည်းအမှန် ၊ ထိုသူသည်စိတ်မှတ်ဉာဏ်တို့ထက်မပျောက်မပျက်စွဲထင်နေသည်မှာလည်းအမှန်ပင်တည်း။

ယွီဆွေ့၏ဖြစ်တည်မှုသည်သူ့အတွက်အလွန်ပင်ထူးခြားလှကာသူ၏အလှပဆုံးသောနေ့ရက်တို့ကိုပေးစွမ်းခဲ့သူမှာထိုသူပင်ဖြစ်ပြီး ၊ သူ၏အနာကျင်ရဆုံးသောနေ့ရက်တို့ကိုပေးစွမ်းခဲ့သူမှာလည်းထိုသူပင်ဖြစ်၏။
စင်စစ်တွင်အတိတ်ကာလကယွီဆွေ့လုပ်ရပ်တို့မှာမမှားယွင်းပါကြောင်းရှစ်လော့ကောင်းစွာသိပြီး ၊ ထိုနေရာတွင်သူသာဆိုလျှင်ပင်ယွီဆွေ့ထက်ပိုမို၍ကောင်းမွန်အောင်ကိုင်တွယ်နိုင်လိမ့်မည်ဟုမထင်မိပါချေ။

သို့ပေတည့်ကလေးဘဝ၏အတိတ်အရိပ်ဆိုးတို့၏ရောင်ပြန်ဟပ်ထင်မှု​မှာ သူ့အားညှင်းပန်းနေဆဲဖြစ်ရာ ၊ မည်သူ၏ကတိစကားတို့ပင်ဖြစ်စေသူသည်ယုံကြည်မိလိမ့်မည်မဟုတ်ပေ။
ယခုတွင်ယွီဆွေ့သည်ခြေစစ်ပွဲအနိုင်ရရှိပြီးမှသာလျှင်သူ့အားစာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး ၊ ရှစ်လော့သည်ယွီဆွေ့၏ အပိုအာမခံချက်တစ်ခုပေးအပ်ချင်သည့်ရည်ရွယ်ကိုနားလည်သိရှိပါ၏။

မြူအုပ် || ဘာသာပြန်Donde viven las historias. Descúbrelo ahora