Ep 19

2.7K 179 16
                                    

Episode 19

Uni+Zaw

မြင့်မားသောအရပ်၊ကျစ်လစ်ဖွံ့ထွားသောခန္ဓာကိုယ်နှင့် သခင်ကြီးသည် ကျန်းမာသန်စွမ်းသောအုန်းခွံရောင်မြင်းပေါ်တွင် တည်ငြိမ်ခန့်ညားစွာတည်ရှိနေသည်။မြင်းဇက်ကြိုးကိုကိုင်ထားသောလက်တို့မှာ ဖြောင့်မတ်နေသောကိုယ်နေဟန်ထားနှင့်သခင်ကြီးအားပို၍ပင်တည်ကြည်လေးနက်စေသည်။

ကမ်းပေးလာသောလက်တစ်ဖက်ကို ဒေါင်းလွမ်းဏီယုံယုံကြည်ကြည်ဆုပ်ကိုင်ပြီး မြင်းပေါ်တက်လိုက်သည်။အရပ်အမောင်းနှင့်ခန္ဓာကိုယ်ကွာခြားချက်အရ ကြီးမားကျယ်ပြန့်သောရင်ခွင်ထဲ ကွက်တိကျရောက်သွားသည်။မြင်းဇက်ကြိုးကိုကိုင်ထားသောလက်တို့သည် ဒေါင်းလွမ်းဏီအားထွေးပွေ့ထားသလို သခင်ကြီး၏ရင်ငွေ့နွေးနွေးကိုလည်းကျောပြင်တွင်အတိုင်းသားခံစားနေရသည်။

နှစ်ဦးကြားစကားသံတို့တိတ်ဆိတ်နေသော်လည်း တောတောင်အတွင်းရှိငှက်ကလေးများနှင့် တောကောင်ငယ်လေးများ၏ တီတီတာတာအော်ဟစ်သံများဖြင့်ပတ်ဝန်းကျင်သည် သာယာနာပျော်ဖွယ်ဖြစ်နေသည်။အုပ်ဆိုင်းနေသောသစ်ပင်ကြီးများကြားမှ ရံဖန်ရံခါထိုးဖောက်ဝင်ရောက်လာသော နေပြောက်များကို ဒေါင်းလွမ်းဏီမော့ကြည့်မိသည်။

တောပန်းကလေးများ၏သင်းပျံ့သောရနံ့ကိုလည်းခံစားနေမိသည်။လေပြေအဝေ့သစ်ရွက်တို့တွန်းထိုးပွတ်တိုက်ကျီစယ်သံ၊ မြင်းခွာနှင့်မြေပြင်ပေါ်ရှိ သစ်ကိုင်းခြောက် သစ်ရွက်ခြောက်တို့ထိတွေ့ရိုက်ခတ်သံမှအစ သခင်ကြီး၏အသက်ရှုသံတိုးဖွဖွအထိ အရာအားလုံးသည် ဒေါင်းလွမ်းဏီ၏အကြားအာရုံမှတစ်ဆင့် နှလုံးသားထဲအထိအေးချမ်းဆိတ်ငြိမ်စေသည်။

ခဏအကြာရေစီးသံတချို့ကြားရပြီးနောက် သခင်ကြီးသည် ဖြေးဖြေးပုံမှန်လျှောက်နေသောမြင်းကိုရပ်တန့်စေ၏။ထို့နောက်မြင်းပေါ်ကဆင်းပြီး ဒေါင်းလွမ်းဏီအားအသာအယာပွေ့ချီချပေးသည်။သစ်ပင်တစ်ပင်တွင် မြင်းအားကြိုးချည်လိုက်ပြီး ဒေါင်းလွမ်းဏီလက်ကိုဆွဲကာလျှောက်လာ၏။

နိမ့်ဆင်းသွားသောလျှိုမြောင်လေးတစ်ခုကိုဖြတ်ပြီးနောက် သခင်ကြီးသည်ခြေလှမ်းတို့ကိုရပ်တန့်၏။

သခင်ကြီးနှင့်စံအိမ်တော်Hikayelerin yaşadığı yer. Şimdi keşfedin