လေလှိုင်းတစ်ဖက်ခြမ်းမှ စောဒကတက်သံများမှာ စက်သေနတ်ပစ်သည့်အလား တဖွဲဖွဲနှင့် မစဲနိုင်အောင် ရှိလေရာ ကောရှင်းမှာ နားစည်ပင် နာလာရသည်။ ထို့ကြောင့် သူသည် ဖုန်းအား နားအနားမှ ရွေ့လိုက်ကာ speaker mode သို့ ပြောင်းလိုက်၍ ကော်ဖီစားပွဲထက်တွင် ပစ်တင်လိုက်သည်။
"ငါ့ကို အမှန်အတိုင်း ပြောစမ်း ကောရှင်း"
ကျိုးချင်ပေါ်သည် အသက်ဝဝတစ်ချက် ရှူသွင်းကာ ပဟေဋိအား အဖြေညှိရန် ကြိုးပမ်းလာတော့သည်။
"မင်း အဲ့ဒီလူကို ဘယ်မှာတွေ့ခဲ့တာလဲ? သူက ယုံရောယုံကြည်ရရဲ့လား? ဒါမှမဟုတ် မင်း လမ်းမှာ တွေ့ရာလူတစ်ယောက်ကို ဆွဲခေါ်လာပြီး ငါ့ကို လာမိတ်ဆက်ပေးတာတော့ မဟုတ်ပါဘူးနော်?"
ကောရှင်းမှာ ဆိုဖာထက်တွင် လူးလှိမ့်နေအောင် ရယ်မောနေရသည့်အတွက် သူ့အား ချက်ချင်း အဖြေပြန်မပေးအားပါချေ။ နောက်ဆုံးတွင်တော့ သူသည် ရယ်ချင်စိတ်ကို ထိန်းထားသောကြောင့် ရဲရဲနီနေသော မျက်နှာဖြင့် ပြော၍လာသည်။
"အမှန်အတိုင်း ပြောရရင်တော့ ငါလဲ သူနဲ့ သိပ်မရင်းနှီးဘူးကွ"
"ဒါဆို မင်းက ဘာလို့ ငါနဲ့ မိတ်ဆက်ပေးရတာတုန်း?!"
ကျိုးချင်ပေါ်မှာ ဒေါသတကြီးဖြင့် ဆိုလာသည်။
"မင်းက တကယ် ငါ့သူငယ်ချင်းမှ ဟုတ်ရဲ့လား?"
"စိတ်မပူပါနဲ့"
ကောရှင်းမှာ ရယ်ချင်စိတ်အား ချိုးနှိမ်ကာ အလွန်တရာမှ ကယုကယင်နိုင်သော အသံဖြင့် ပြော၍လာသည်။
"ငါ သူ့ကို မသိဘူးဆိုပေမဲ့ သူ့အမေကိုတော့ ကောင်းကောင်းကြီး သိပါတယ်၊ ငါတို့က အသက်ကွာပေမဲ့ တကယ်ကို ရင်းနှီးတဲ့ မိတ်ဆွေတွေလေ၊ အဲ့တာကြောင့် ငါ အဲ့ဒီလူအကြောင်း နည်းနည်းတော့ သိတယ်"
ကျိုးချင်ပေါ် "..."
"ကျူံးရှန်ပန်းခြံထဲက အောင်သွယ်တော်များ ဆုံရပ်မှာ သူ့ရဲ့အမေက လုံးဝVIP အဖွဲ့ဝင်လေ"
ကောရှင်းမှာ ခေတ္တခဏ တွေးတောဟန်ပြုပြီးမှ ပြော၍လာသည်။
"နောက်ပြီးတော့ သူက နူးညံ့ညင်သာပြီးတော့ သဘောထားလဲ ပွင့်လင်းတယ်၊ ခေတ်အမြင်ရှိပြီးတော့ အသစ်အဆန်းတွေကိုလဲ နားလည်လက်ခံပေးနိုင်တယ်။ လုံးဝကို စံပြယောက္ခမပုံစံမျိုး..."
YOU ARE READING
Ghosting လုပ်ခြင်းအား ခွင့်မပြု
RomanceDate လုပ်လျှင် လိုက်နာရမည့် ပထမဆုံး စည်းကမ်း - Ghosting လုပ်ခြင်းအား လုံးဝ ခွင့်မပြု။ English name - No ghosting allowed Author name - Gu Yan English translator - cee This is fun translation and I don't own this novel. I don't have any permission t...