အနှီထူးဆန်းကာ အမည်နာမတပ်ရန် ခက်ခဲသည့် ခံစားချက်မှာ ကျိုးချင်ပေါ်အား လုံးဝဥဿုံ နူးညံ့သွားစေသည်။ သူ၏ မျက်ခုံးနှင့် မျက်လုံးများမှာ စိတ်အေးလက်သာဖြစ်သည့် အနေအထားသို့ ပြောင်းသွားရပြီး သူ၏ အပြုံးမှာလဲ နူးညံ့ကာ နွေးထွေးသော အငွေ့အသက်အား သယ်ဆောင်ထားလေသည်။ သူသည် ယခုအခြေအနေအား အခွင့်ကောင်းယူကာ အဖြေပြန်ရပြီးသည့်တိုင် ဖေယို့၏ အင်္ကျီစလေးအား မလွှတ်ပေးသေပါချေ။ ထိုအစား သူသည် သူ့၏ လက်ချောင်းလေးနှင့် ချိတ်တွယ်လိုက်ကာ အင်္ကျီလက်အဟနေရာလေးအား တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
ဖေယို့မှာ သူ့အင်္ကျီလက်အဟနေရာမှ တင်းကြပ်မှုအား ခံစားလိုက်ရပြီး သူသည် တစ်ဖက်လူ၏ လက်ရာအား ကြည့်ရန် ခေါင်းကို ငုံ့လိုက်သည်။ ဖေယို့မှာ အနည်းငယ် အေးစက်နေသည့် လက်ချောင်းထိပ်များမှာ သူ့လက်ကောက်ဝတ်အား ပွတ်သပ်ထိတွေ့သွားသည့်အခါ အနည်းငယ် အေးမြကာ ယားကျိကျိနိုင်သည့် လှုံ့ဆော်မှုအား ခံစားလိုက်ရသည်။
"ခင်ဗျား..."
ဖေယို့မှာ တစ်မျိုးတစ်မည် ထူးဆန်းနေသည့် လေထုအား ခပ်ရေးရေး ခံစားမိသည်။ သူသည် တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ဘယ်ကနေ စတင်ရမည်မှန်း မသိပါချေ။ ကျေးဇူးတင်စရာကောင်းစွာဖြင့်ပင် နောက်ထပ် စကားလုံးများ သူ့နှုတ်ဖျားမှ ထွက်ကျလာဖို့အရေး သူ့ဦးနှောက်အား ထုခွဲလုမတတ် မစဉ်းစားရသေးခင်မှာပင် အသံချဲ့စက်ဆီမှ ထွက်ပေါ်လာသည့် သီချင်းသံမှာ သူတို့ စကားဝိုင်းအား ရုတ်တရက် ဝင်ရောက်နှောင့်ယှက်လိုက်ကာ လေထုအား အီလက်ထရောနစ် ဂီတသံ သဲ့သဲ့က မောင်ပိုင်စီးလိုက်လေသည်။
အနှီရုတ်ချည်း ထွက်ပေါ်လာသည့် ဆူညံသံက သူတို့နှစ်ဦးစလုံး၏ အတွေးရထားအား တစ်ခန်းရပ်တန့်သွားစေသည်။ ကျိုးချင်ပေါ်နှင့် ဖေယို့မှာ တစ်ချိန်တည်းမှာပင် အာရုံပြန်လွှဲလိုက်ကြပြီး အသံလာရာဘက်သို့ နှစ်ဦးစလုံး ခေါင်းလှည့်ကြည့်လိုက်ကြသည်။
ဒီဘားလေး၏ အရွယ်အစားမှာ Black Bar လို နေရာမျိုးဖြင့် နှိုင်းယှဉ်၍ပင် မရပါချေ။ ဒီဘား၌ အလွန်ဆုံးမှ ဆယ်မီတာပတ်လည်ကျော်ကျော် ခန်းမတစ်ခုသာ ရှိ၍ ဝင်လာလိုက်သည်နှင့် ထိုရိုးရိုးရှင်းရှင်း နေရာကိုသာ မြင်တွေ့နိုင်မည် ဖြစ်သည်။ ဘားတွင်း၌ မီတာအနည်းငယ် ပတ်လည်ရှိသည့် ပလက်ဖောင်းတစ်ခုရှိသော်လည်း စတိတ်စင်ဟု ပြောနိုင်ရုံမျှသာ ဖြစ်သည်။
YOU ARE READING
Ghosting လုပ်ခြင်းအား ခွင့်မပြု
RomanceDate လုပ်လျှင် လိုက်နာရမည့် ပထမဆုံး စည်းကမ်း - Ghosting လုပ်ခြင်းအား လုံးဝ ခွင့်မပြု။ English name - No ghosting allowed Author name - Gu Yan English translator - cee This is fun translation and I don't own this novel. I don't have any permission t...