ဖေယို့သည် ကျိုးချင်ပေါ် တစ်ယောက် အော်ဟစ်ပြောဆိုလာသည့် စကားနှစ်ခွန်းဖြင့်ပင် နောက်ကွယ်မှ ဇာတ်လမ်းအား နားလည်သွားလေတော့သည်။
ကျိုးချင်ပေါ်မှာ လျိုရှင်းတစ်ယောက် သူ့အား အကောက်ကြံမည့် အစီအစဉ်အား ရိပ်စားမိသွားသဖြင့် အလွန်ဒေါသထွက်ကာ စိတ်မြန်လက်မြန်ဖြင့် ပြန်လည်တုံ့ပြန်မိခြင်း ဖြစ်ပေလိမ့်မည်။
စီးပွားရေးလောကဆိုသည်မှာ အပေးအယူနှင့်သာ တည်ဆောက်ထားခြင်းဖြစ်ပြီး ဖေယို့သည် အလုပ်စလုပ်ကတည်းက မကောင်းသော ရည်ရွယ်ချက်ရှိသည့် များစွာသော လုပ်ငန်းရှင်တို့နှင့် ကြုံဆုံဖူးလေသည်။
တဖြည်းဖြည်းနှင့် သူသည် အနှီ ပညာစမ်းပွဲတွင် ထိုသူတို့အား ဘယ်လိုဘယ်ပုံ ကိုင်တွယ်ရမည်ဖြစ်ကြောင်း သင်ယူခဲ့သည်။ သို့ပေမဲ့ သူ့အား ယခု ကျိုးချင်ပေါ်လိုမျိုး နောက်ဆက်တွဲ အကျိုးရလဒ်အား ဂရုမထားပါဘဲ လုံးဝဥဿုံ ကာကွယ်ပေးခြင်းမျိုး မရှိခဲ့ဖူးပါချေ။
စီးပွားရေးလောကတွင် ထိုကဲ့သို့ ဆင်ခြင်တုံတရားမဲ့စွာဖြင့် စိတ်မြန်လက်မြန် ထလုပ်သည့် အပြုအမူမျိုး ရှိ၍မရပါချေ။
သို့ပေမဲ့ ဖေယို့၏ နှလုံးသားမှာ နူးညံ့ပျော့ပြောင်းသွားရပြီး တဆက်ကတည်းမှာပင် အနည်းငယ် ခါးသက်သော ခံစားချက်တစ်မျိုးက သူ့ရင်တွင်းသို့ တိုးခွေ့ဝင်လာကာ သူ့နှလုံးသားအား အနည်းငယ် လေးလံသွားစေပြန်သည်။
သူကိုယ်တိုင်ပင် မသိလိုက်ခင်မှာပင် ကျိုးချင်ပေါ်၏ ပခုံးအား ဆုပ်ကိုင်ထားသည့် သူ၏ လက်များမှာ တင်းကြပ်သွားရပြီး တစ်စုံတစ်ခုက သူ့နှလုံးသားအား ခပ်ဖွဖွကုတ်ခြစ်နေသကဲ့သို့ ခံစားလိုက်ရသည်။
ကျိုးချင်ပေါ်၏ အပေါ်ဝတ်ကုတ်အင်္ကျီမှာ ကြမ်းပြင်ထက်တွင် ပုံကျနှင့်နေကာ ယမကာများနှင့် သစ်သီးအပိုင်းအစတို့ ပေကျံနေပြီးဖြစ်၍ ထိုသူ၏ ကိုယ်ထက်တွင် ရှပ်အင်္ကျီသာကျန်တော့၍ ကော်လာကလဲ ခပ်ကျယ်ကျယ် ပွင့်ဟနေကာ အထဲမှ အနီရောင်ကြိုးမျှင်လေးအား မြင်နေရလေသည်။
လျိုရှင်းမှာတော့ မြေကြီးထဲနစ်ဝင်လုမတတ် အရိုက်ခံထားရကာ ပြန်မထနိုင်သေးပါချေ။ သူသည် ခပ်တိုးတိုး ညည်းညူနေပြီး အညှိုးအတေးပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကျိုးချင်ပေါ်အား စေ့စေ့ကြီး စိုက်ကြည့်နေလေသည်။
![](https://img.wattpad.com/cover/352949575-288-k611524.jpg)
YOU ARE READING
Ghosting လုပ်ခြင်းအား ခွင့်မပြု
RomanceDate လုပ်လျှင် လိုက်နာရမည့် ပထမဆုံး စည်းကမ်း - Ghosting လုပ်ခြင်းအား လုံးဝ ခွင့်မပြု။ English name - No ghosting allowed Author name - Gu Yan English translator - cee This is fun translation and I don't own this novel. I don't have any permission t...