ထိုစကားလုံးများ သူ့နှုတ်ခမ်းဖျားမှ ထွက်ကျလာပြီးနောက်တွင် ကျိုးချင်ပေါ်သည် သူ့ဘာသာသူပင် အထိတ်တလန့် ဖြစ်သွားရသည်။
သို့ပေမဲ့ ဖေယို့မှာ သူ၏ ပုံမှန် ပေါက်တတ်ကရ စကားများအား အသားကျနှင့်နေပြီ ဖြစ်သောကြောင့်လား၊ သို့မဟုတ် တခြားသော အကြောင်းအရာ ကြောင့်ပေလားမသိ သူ၏ ထိုစကားအား များများစားစား တုံ့ပြန်ခြင်း မရှိပါချေ။
သူသည် ဘာမှမဖြစ်သကဲ့သို့ပင် မျက်တောင်ကလေး ခတ်လိုက်ကာ ညင်သာစွာ မေးလာသည်။
"ကျွန်တော် ခင်ဗျားကို ဘယ်လို ဂရုစိုက်ပေးရမှာလဲ?"
ထိုရွှင်မြူးကျေနပ်ရိပ်လေးများ တစွန်းတစပါရှိနေသည့် ထိုစကားသံလေးမှာ ကျိုးချင်ပေါ်၏ နှလုံးသားထက်သို့ ညင်သာစွာ သက်ဆင်းသွား၍ ယားကျိကျိလေး ခံစားလိုက်ရလေသည်။ ကျိုးချင်ပေါ် သည် ကြက်သီးဖျဉ်းဖျဉ်းထသွားပြန်ကာ နောက်ထပ် ပြောစရာစကား ကင်းမဲ့သည့်အဖြစ်အား တဖန် ပြန်လည်ရောက်ရှိသွားရပြန်သည်။
သူသည် ဖေယို့အား သူ့အပေါ် ၌ ဘယ်လိုဘယ်ပုံ ဂရုစိုက်ပေးခိုင်းရမည်မှန်း မသိတော့ပါချေ။ သို့ပေမဲ့ ဖေယို့၏ ညင်သာကာ ရွှန်းလဲ့နေသည့် မျက်ဝန်းများအား ငေးကြည့်လိုက်ချိန်တွင် သူသည် ဖေယို့တစ်ယောက် လက်ခံနိုင်သည့် အတိုင်းအတာ ဟူသမျှအား စမ်းသပ်ပြီးနှင့်နေပြီ ဖြစ်ကြောင်း ရုတ်ချည်း သဘောပေါက်သွားရသည်။
ဖေယို့သည် တစ်လှမ်းချင်း တစ်လှမ်းဖြင့် သူ့ဘဝထဲသို့ ကျူးကျော်လာခဲ့ပြီး ထိုအခြင်းအရာမှာ ကျိုးချင်ပေါ်အား သူ၏ ဘောင်ခတ်ထားသော နယ်နမိတ်အပြင်ဘက်သို့ တဖြည်းဖြည်း ခြေချလာမိစေကာ ဖေယို့တစ်ယောက် သူ့အပေါ် ထားနိုင်သည့် ခန္ဓီတရားတို့မှာ ဘယ်အတိုင်းအတာမျှရှိပါကြောင်း ရှာဖွေကြည့်ချင်လာသည်။
ကျိုးချင်ပေါ်သည် သူကိုယ်တိုင်ပင် သတိမထားမိပါဘဲ ဖေယို့ တစ်ယောက် သူ့အပေါ်၌ ထားရှိသည့် စိတ်ရှည်သည်းခံမှုများ၏ ဇစ်မြစ်မှာ ထိုသူ၏ ပင်ကိုဗီဇကြောင့်ပင်လား၊ သို့မဟုတ် သူကိုယ်တိုင်ကပင် အခွင့်ထူးခံဖြစ်နေသည်လား အသည်းအသန် ရှာဖွေနေမိသည်။
YOU ARE READING
Ghosting လုပ်ခြင်းအား ခွင့်မပြု
RomanceDate လုပ်လျှင် လိုက်နာရမည့် ပထမဆုံး စည်းကမ်း - Ghosting လုပ်ခြင်းအား လုံးဝ ခွင့်မပြု။ English name - No ghosting allowed Author name - Gu Yan English translator - cee This is fun translation and I don't own this novel. I don't have any permission t...