ကျိုးချင်ပေါ်သည် ဖေယို့တစ်ယောက် သူ့အား ကောက်ကာငင်ကာကြီး ကိုလာဝယ်ပေးမည်လို့ ထပြောသည်အား တုံ့ပြန်ခြင်းပြုနိုင်ရန် နှစ်စက္ကန့်လောက် အချိန်ယူလိုက်ရသည်။
သူ၏ အမူအရာမှာ ဇဝေဇဝါဖြစ်ခြင်းမှသည် ရုတ်တရက်ကြီး အလင်းပွင့်သွားခြင်းသို့ ကူးပြောင်းသွားကာ ထိုအမူအရာနှစ်ခု အပြောင်းအလဲမှာ အကြားအလပ်မရှိ ချောမွေ့လွန်းလှသည်။
"အင်း စိတ်ဝင်စားစရာပဲ"
ကျိုးချင်ပေါ်သည် ဖေယို့နားသို့ ခန္ဓာကိုယ်အား ညွတ်ကိုင်းလိုက်သောကြောင့် သူ့ခြေလှမ်းလေးများမှာ အနည်းငယ် ရွေ့လျားသွားရကာ အနှီသူသည် ကလီကမာအပြုံးတစ်ခုဖြင့် ဖေယို့အား ကြည့်လိုက်သည်။
"မင်း ကိုယ့်ကို စိတ်ပြေအောင် ချော့နေတာလား?"
ထိုအသုံးအနှုန်းမှာ အနည်းငယ် တရင်းတနှီးနိုင်လှသော်လည်း ဖေယို့မှာ ၎င်းအား အစားထိုးနိုင်ပါရန် တခြားသော စကားလုံး မရှာတွေ့နိုင်လေရာ ခဏတာ တုံ့ဆိုင်းသွားပြီးမှ သူသည် ကံတရားအား လက်ခံလိုက်ဟန်တူလေသည်။
"အဲ့လို မလုပ်ရဘူး"
ကျိုးလောင်ရှီးမှာ အခါသင့်အခွင့်သာတုန်း အဖြောင့်ကောင်တို့၏ ထုံးအား နှလုံးမူနေဆဲ ဖြစ်နေသော သူ၏ တစ်ဦးတည်းသော ကျောင်းသားလေးအား သွန်သင်ဆုံးမလေတော့သည်။
"တစ်ကွက်တည်းကို ထပ်ခါထပ်ခါ သုံးလို့ မရဘူးလေ။ အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီး နည်းနည်းပါးပါး ပြောင်းသင့်ရင် ပြောင်းရမယ်"
ကျိုးချင်ပေါ်သည် ခေါင်းကို ခါယမ်းလိုက်သည်။
"ဥပမာပြောရရင် တကယ့်လက်တွေ့ အခြေအနေကို ကြည့်ပြီး မင်းရဲ့ ချော့ပုံချော့နည်းကို ရွေးရမှာ"
ဖေယို့ "..."
ဖေယို့မှာ ကျိုးချင်ပေါ်၏ စကားသံအား ရှေ့မှ သက်လတ်ပိုင်းလူကြီး ကြားလိုက်မည်ကို စိုးရိမ်နေသည့်အလား သူ၏ ခြေလှမ်းများအား မသိလိုက်မသိသာဖြင့် နှေးလိုက်မိသည်။
သူတို့မှာ ထိုသူနှင့် ခုနကလေးကပင် ကတောက်ကဆ အသေးစားလေး ဖြစ်ထားခဲ့လေရာ အကယ်၍ ထိုသူသာ ကျိုးချင်ပေါ်တစ်ယောက် သူ့အား 'အချစ်ရေး အချစ်ရာကိစ္စ'များအား သင်ကြားနေသည်ကို ကြားသွားလျှင် လေထုမှာ ပို၍ ကသိကအောက်နိုင်သွားပေလိမ့်မည်။
YOU ARE READING
Ghosting လုပ်ခြင်းအား ခွင့်မပြု
RomansDate လုပ်လျှင် လိုက်နာရမည့် ပထမဆုံး စည်းကမ်း - Ghosting လုပ်ခြင်းအား လုံးဝ ခွင့်မပြု။ English name - No ghosting allowed Author name - Gu Yan English translator - cee This is fun translation and I don't own this novel. I don't have any permission t...