Part 10 - Wild West

311 69 1
                                    

Black Bar မှာ ဘားလမ်းသွယ်တွင် ရှာဖွေရန် လွယ်ကူလှသည်။

အရှေ့မျက်နှာစာမှ သူမတူသည့် စက်တံခါး ၊ ခေတ်ရှေ့ပြေး သိပ္ပံနယ်လွန် ပုံစံအား အခြေပြုထားသည့် ပန့်ခ်စတိုင် အလှဆင်ထားမှုနှင့် သံပိုက်များဖြင့် ထောက်ကူ ဖေးမထားရသော ထင်သာမြင်သာ ဖြစ်နေသည့် သံချေး အကွက်လိုက်နှင့် မသိမသာ စောင်းရွဲ့နေသော သံဖြူ ဆိုင်းဘုတ် အကြီးကြီး။

ထိုဆိုင်းဘုတ် ထက်တွင် ရေးထိုးထားသည့် အင်္ဂလိပ်အက္ခရာတို့မှာ ဟိုးအဝေးက ကြည့်လျှင်ပင် ထင်းကနဲ လင်းကနဲ ရှိလှသည်။

တခြားဘားများနှင့် မတူညီစွာပင် Black Bar ၏ မျက်နှာစာ တံခါးမှာ တင်းတင်းကြပ်ကြပ် ပိတ်ထားကာ ဧည့်သည်များအား ဆွဲဆောင်ရန် ဘာအသံစနစ်၊ ဘာမျက်စိပဒါဿ ဖြစ်ဖွယ်ရာကိုမှ သုံးစွဲထားခြင်း မရှိပါချေ။

ဝင်ပေါက်အနားရှိ သံဆိုင်းဘုတ်ထောက်တိုင်ထက်တွင် ဒီနေ့၏ ပွဲအစီအစဉ်များအား ဖြစ်ကတတ်ဆန်း ရေးသားထားသော A4 စာရွက်တစ်ရွက် ရှိလေရာ ပြီးပြီးရောသာ အားထုတ်ထားမှန်း ဖြစ်ကြောင်း ဒတ်ခနဲ သိနိုင်သည်။

ဖေယို့သည် ဝင်ပေါက်အနား၌ ရပ်ကာ သူ့ရှေ့၌ ရှိသော ဘား၏ ဆိုင်းဘုတ်နှင့် သူ့ မက်ဆေ့ချ်ထဲရှိ ဆိုင် အမည်နာမအား သေချာစွာ တိုက်ကြည့်လိုက်သည်။

နောက်ဆုံးတွင် ဒီနေရာမှာ အမှန်တကယ်ပင် သူ လာရောက်ရမည့်နေရာ ဖြစ်ကြောင်း အတည်ပြုနိုင်လိုက်၏။

ဒီနေရာမှာ နည်းနည်း ပုံမှန်တော့ မဟုတ် ဟု ဖေယို့သည် တွေးလိုက်မိသည်။

အနှီဘား၏ အပြင်အဆင်မှာ နုံချာချာ နိုင်လှသော်လည်း လာရောက်သည့် လူနှုန်းမှာ တခြားဘားများထက်ပင် များနေသေးသည်။ ဖေယို့သည် လမ်းတစ်ဖက်ခြမ်းမှ ကူးလာကာ ဘားနားသို့ ရောက်လာသည်အထိ လူများမှာ မပိုင်းဖြတ်နိုင်သည့် ရေစီးကြောင်းကဲ့သို့ပင် ထိုဘားအတွင်းသို့ တသောသော ဝင်ရောက်လျက်ရှိပေသည်။ သံတံခါးကြီးမှာ အဆက်မပြတ် ဖွင့်လိုက်၊ ပိတ်လိုက်ဖြင့် အလုပ်များနေပြီး ဝင်ပေါက်နားမှ ရွှင်ပျပျ ကြိုဆိုသည့် ခေါင်းလောင်းသံမှာလဲ တစ်ခဏတာပင် ရပ်တန့်သွားခြင်း မရှိပါချေ။

Ghosting  လုပ်ခြင်းအား ခွင့်မပြုWhere stories live. Discover now