"မင်းသတ်တာ...ငါ့သားကို မင်းသတ်တာ"
"မဟုတ်ဘူး...အား!!!"
အိပ်မက်ထဲတွင် အော်ဟစ်ပစ်လိုက်ခြင်းက
လက်တွေ့ အသိစိတ်မှာပါ ပင်ပန်း မောဟိုက်နေခဲ့သည်။အိပ်ရာဘေးရှိ ဖန်ခွက်ကို သူအားနှင့် ပစ်ထုတ်လိုက်တော့ နံရံကို ထိမှန်ကာ ခွမ်းခနဲ။ဆံပင်တွေကြား လက်ထိုးဖွရင်း အုံခဲနေသည့် ခေါင်းကိုပါ ရိုက်ခွဲပစ်ချင်လာသည်။မြင်မြင်သမျှက သွေးချင်းချင်းနီနေသော အနိဋ္ဌာရုံတွေ။ကုတင်ပေါ်က ဆင်းလိုက်တော့ အားရုတ်နေသော ခြေထောက်တွေက ကြမ်းပေါ် ခွေခေါက်ကျသွား၏။သွေးခုန်နှုန်းဟာလည်း နှလုံးကြွက်သားတွေကို ဆုတ်ညစ်နေသလိုမျိုး။ခံစားရခက်လွန်းသဖြင့် မျက်လုံးတွေပါ ပြာဝေလာသည်ထိ။ဆေးတွေထားရာ အံဆွဲကို လက်လှမ်းမှီဖို့ပင် ခက်ခက်ခဲခဲ။များပြားသည့် ဗူးတွေထဲ စိတ်ငြိမ်ဆေးကို ရှာပြီး ဆေးနှစ်လုံးကို ဒီအတိုင်း
မြိုချလိုက်သည်။ဗီရိုငယ်လေးကို ခပ်လျော့လျော့ မှီထိုင်ရင်း တစ်ချက်ရှိုက်မိတော့ လိမ့်စီးလာသော မျက်ရည်ပူများ။ရင်ထဲမှာ နာကျင်စွာဖြင့် သူမေမေ့ကို ဖက်ငိုလို့ရသည် ကလေးဘဝကို ပြန်တမ်းတမိ၏။"Ray"
ခေါ်သံတိုးတိုးကို ကြားတဲ့အခါ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံး အေးစက်နေခဲ့ပြီ ဖြစ်သည်။အိပ်ပျော်မသွားအောင် အားတင်းဖွင့်ထားရသော မျက်ခွံတွေက လေးလံလျက်။ပါးပြင်နှစ်ဖက်ပေါ်တွင် မျက်ရည်တွေ ခြောက်သွေ့စ။နံဘေးမှာ ဒူးတစ်ဖက် ထောက်ချကာ သူ့ခေါင်းအောက်သို့ လက်လျှိုလာသူကို Ray မော်ကြည့်လိုက်သည်။
"Eric "
ထုံနေသော လက်တွေက မြှောက်ဖို့ပင် အားမရှိတော့ Eric ပွေ့ချီခေါ်ရာ အသေကောင်လို ပါသွားရလေ၏။
နွေးထွေးသည့် အိပ်ရာပေါ် ချပေးသော်လည်း သူ မလှဲချင်။
"ကျွန်တော် မအိပ် ချင်ဘူး"
"Daddy ရှိတယ်"
Eric က ကလေးချော့သလို သူ့ကို နှစ်သိမ့်သော်လည်း
"တစ်ခါတည်း သေသွားရင် ကောင်း မယ်"
Eric ရဲ့ လက်မောင်းတစ်ဖက်ကို ဖမ်းဆွဲထားရင်း သူငိုပစ်လိုက်သည်။