Yan တို့ မြို့ရဲ့ညအချိန်ကား ဆိတ်ငြိမ်သည်။
မိုးရာသီဖြစ်၍ ကောင်းကင်တွင် ကြယ်မစုံသော်လည်း လရောင်မှိန်မှိန်က အေးချမ်းပါ၏။
သူ စီးကရက်သောက်ဖို့ ခြံထဲ ဆင်းလာတာဖြစ်ပေမဲ့
လေညှင်းက သယ်ဆောင်လာသည့် ရနံ့တစ်မျိုးကြောင့် မီးခြစ်ကို အိတ်ထောင်ထဲ ပြန်ထည့်လိုက်မိသည်။
ပါတ်ဝန်းကျင်ကို သတိထားကြည့်မိတော့ သူထိုင်နေသည့် ခုံတန်းနံဘေးတွင် ပန်းရုံရှိသည်။
အရွက်စိမ်းစိမ်းတွေကြားက အဖြူရောင် အပွင့်လေးတွေ။
မွှေးသည့်ရနံ့က ထိုပန်းတွေဆီမှ ပျံ့လွှင့်လာခြင်းဖြစ်မည်။
"Jasmine တွေလေ"
အသံလာရာကို သူ လှည့်ကြည့်လိုက်သည်။
Yan ရဲ့ မေမေ။
"ဂူဂူး ပန်ဖို့ သီပေးရအောင် ခူးမလို့"
ဇကာခြင်းလေးကိုင်ကာ လျှောက်လာရင်း အန်တီက သူ့ကိုပြောသည်။
သစ်သားခုံတန်းပေါ်မှ ထပြီး Ray လည်း ပန်းရုံနား သွားရပ်မိ၏။
တခြား ပန်းဖူးတွေ မကြွေအောင် သေချာ ခူးနေတဲ့ အန်တီ့ကို ကြည့်ပြီး သူ ခူးကူလိုက်သည်။
ချစ်စရာကောင်းသည့် Myanmar Jasmineတွေကို မေမေသာဆို ကြိုက်မှာပဲဟု တွေးမိသည်။
"သားက မောင်နှမ ဘယ်နှစ်ယောက်ရှိလဲ"
အန်တီက မေးလာတော့ လက်ခုပ်ထဲ စုမိနေပြီဖြစ်သည့် ပန်းတွေကို ဇကာခြင်းထဲ အသာလှမ်းထည့်ပြီး Ray ဖြေလိုက်သည်။
"ညီ အစ်ကို တွေ အများ ကြီးပဲ"
မြန်မာစကားပြောတာ မသွက်ပေမဲ့ သူပြောတာကို နားလည်၍တော်သေးသည်။
"မိဘတွေကရော"
ထိုမေးခွန်းကြောင့် Ray ခဏတော့ တွေဝေသွား၏။
"အဖေ ပဲ ရှိတယ်"
သူရည်ရွယ်တဲ့ အဖေဆိုတာက Eric ကိုဖြစ်သည်။
"စိုင်းခ က အန်တီ့ကို အမြဲ ပန်းခူး ကူတတ်တယ်...အန်တီပန်ဖို့ သီပေးတယ်"