"Ray"
သူရှိရာ တစ်လှမ်းချင်း လျှောက်လာသော Yan ရဲ့ မျက်နှာမှာ မယုံကြည်နိုင်ခြင်း၊ အံ့အားသင့်ခြင်းတွေနဲ့။
"Yan က ဒီကို ဘယ်လို"
သူ အခုထိ နေရာမှ မရွှေ့သေးဘဲ မှင်သက်နေဆဲ။ သူ့ရှေ့တစ်ပေအကွာ ခန့်တွင်ရပ်လိုက်သည့် Yan က နူးညံ့စွာ ပြုံးလျက်။ မျက်ဝန်းချင်းဆုံရင်း သူတို့နှစ်ယောက် အတန်ကြာထိ ဘာစကားမျှ မဆိုမိကြပေ။
"ကိုယ်တို့ ပြန်ဆုံပြီ"
Yan ရဲ့ ကြည်စင်သော မျက်ဝန်းတွေထဲမှာ စိတ်လှုပ်ရှားမှု အရိပ်အယောင်လေး ဖြတ်ပြေးသွားတာကို Ray သတိထားမိလိုက်ပါသည်။ သူလည်းပဲ Yan နှင့် ပြန်ဆုံရသည့်အတွက် ဝမ်းသာ၏။ ပြေးဖက်ချင်မိလောက်အောင် ပျော်ပေမဲ့ ယံ့မျက်နှာကို ငေးမဝ ဖြစ်နေရ၏။
"Yan ပြောတဲ့ ရေစက်ပဲ"
သူ့စကားကြောင့် အပြုံးတွေ ပိုပေါ်လွှင်လာတဲ့ Yan။
"ကိုယ် ဒီနားမှာ နေတာ...မင်း လိုက်လည်မလား"
နှစ်ခါ မစဥ္းစားဘဲ သူ ခေါင်းညိတ်လိုက်ပါသည်။
နှစ်ယောက်အတူ ဘေးချင်းယှဥ္လျှောက်ခဲ့သည့်တိုင် သူ့အကြည့့်တွေက ယံ့ဆီမှ မလွှဲနိုင်သေး။
နွေးထွေးတဲ့ခံစားချက် နှင့် ပေါ့ပါးတဲ့ ခြေလှမ်းတွေ။
"ကျွန်တော် ခုထိ မယုံနိုင်သေးဘူး"
သူ ရေရွတ်သလို ပြောမိတော့ Yan က သွားညီတန်း ဖွေးဖွေးတွေ ပေါ်သည့်အောင် ပြုံးရီပါသည်။
"ကိုယ်လည်း မယုံနိုင်သေးဘူး"
ဒီအတောအတွင်းမှာ စိတ်လိုလက်ရ ပြုံးမိတဲ့ အခိုက်အတန့်။ Yan က သူ့ကို ကြည်နူးစေသော နတ်သားတစ်ပါးနှင့်ပင် တူနေသည်။
"ကျွန်တော် ပြီးခဲ့တဲ့ ရက်ကမှ ယံ့အကြောင်း တွေးဖြစ်နေသေးတယ်"
အဆောက်အဦးတစ်ခုထဲ မဝင်ခင် Yan က သူ့ကို ငဲ့ကြည့်လာ၏။
"မင်း ကိုယ့်ကို သတိမရတော့ဘူးလို့ ထင်နေတာ"
မှန်တံခါးကို ဖြတ်ခဲ့ပြီး ဓာတ်လှေကားထဲ ဝင်သည်ထိ Yan နှင့် သူ့ကြား တိတ်ဆိတ်သွားလေရဲ့။