"ကျွန်တော် နောက်တစ်ခေါက် ပြန်လာရင် ခေါ်လာချင်တဲ့လူ ရှိတယ် အမေ"
LA သို့ မပြန်ခင် ညတွင် သော်ခယံ မိသားစုနဲ့သူ့ဘဝရဲ့ရှေ့ရေးအကြောင်း တိုင်ပင်ဖြစ်သည်။
"သားနဲ့ရောင်ခြည်တို့ မေတ္တာမျှနေကြပြီလား"
ငယ်တော့တဲ့ အရွယ်လည်း မဟုတ်တာမို့ သူ မရှက်တမ်း ဝန်ခံလိုက်ပါ၏။
"ဟုတ်ကဲ့...ကျွန်တော် PhD ဘွဲ့ယူပြီးရင် Ray နဲ့တစ်အိုးတစ်အိမ်ထူဖို့ စိတ်ကူးထားတယ်"
အမြဲတမ်း သူ့စိတ်ဆန္ဒကိုပဲ အလေးပေးကြသော မိသားစုဝင်တွေက ဒီကိစ္စမှာလည်း ကန့်ကွက်လိုသည့်ဟန် မရှိကြပေ။
"ငါ့သား ကောင်းသလို စီစဥ္ပါကွယ်...သားတို့ စိတ်ချမ်းသာမယ်ဆို မေမေတို့က ဘာမှ ပြောစရာ မရှိပါဘူး"
"အဖေ့ သဘောထားကရော"
အဖေ့ဆီက အဖြေကို ပြန်ကြားရဖို့တော့ သော်ခယံ တစ်ညလုံး စောင့်ရမည်ထင်သည်။ အဖေက "စဥ္းစားလိုက်ဦးမယ်" ဟုသာ ပြောပြီး စကားဝိုင်းမှ ရှောင်ထွက်သွား၍ ဖြစ်သည်။
"အဖွား...ဆေးမှန်မှန် သောက်နော်"
"မြေးက ဘယ်သွားမလို့လဲ"
မနေ့ညကတည်းက အသိပေးထားပြီး ဖြစ်ပေမယ့် မှတ်ဉာဏ်မကောင်းသည့်အဖွားက ထပ်မေးလာတော့လည်း သော်ခယံ စိတ်ရှည်စွာဖြင့် တစ်ခေါက် ထပ်ရှင်းပြလိုက်ပါ၏။
"ကျွန်တော်က နိုင်ငံခြားမှာ ဘွဲ့ထပ်ယူဖို့ စာတမ်းပြုစုနေရတာလေ အဖွားရဲ့...အဲ့ဒါ ဆက်လုပ်ဖို့ ဒီနေ့ သွားရမှာ...ပိတ်ရက်ရှည်ကျမှ ကျွန်တော် အိမ် ပြန်လာမယ်နော်"
"ေဩာ်...အေးအေး...စိုင်းခကိုပါ ခေါ်ခဲ့နော် မြေး"
အဖွားက စိုင်းခအကြောင်းမေးတိုင်း သော်ခယံ စိတ်မကောင်း ဖြစ်ရသော်လည်း သူ အဖွားကို ပြုံးပြုံးလေးပဲ ခေါင်းညိတ်ပြမိသည်။
"သားတို့ အဖွားကို စိတ်မချလို့ အမေတော့ အိမ်မှာပဲ နေခဲ့မယ်နော်...သား အဖေနဲ့ နန်းခတို့ သားအမိပဲ လေယာဥ္ကွင်း လိုက်ပို့ ကြလိမ့်မယ်"
"ဟုတ်ကဲ့ အမေ"
လေယာဥ္ကွင်းသို့ ကိုယ်တိုင် ကားမောင်းပြီး လိုက်ပို့သော အဖေက သော်ခယံ လေယာဥ္ချိန် မတိုင်ခင်အထိ နန်းခတို့နှင့်အတူ စောင့်ပေးသည်။