အပိုင်း (၁) [ Uni + Zaw ]

39.4K 801 23
                                    

Unicode

ပယ်ချခံလိုက်ရတဲ့ အလုပ်လျှောက်လွှာများကိုကြည့်ကာ ရှင်းခ သက်ပြင်းချလိုက်မိသည်။ ဘွဲ့ရသူတွေတောင် အလုပ်ရဖို့ခက်တဲ့ ဒီလိုခေတ်ကြီးထဲမှာ ဆယ်တန်းပဲအောင်ထားတဲ့ သူ့အတွက် အချိန်ပြည့်ဝန်ထမ်းအလုပ်ရဖို့ဆိုတာ မလွယ်လှ ။ အခုလုပ်နေတဲ့ ကော်ဖီဆိုင်ကအချိန်ပိုင်းအလုပ်လစာက အရင်ကဆိုရင်တော့ အဆင်ပြေပေမဲ့ အခုတွင်တော့ မလောက်ငှတော့ ။ ဘာကြောင့်ဆို ပန်းချီကလည်း ဆယ်တန်းကျောင်းသူဖြစ်နေပြီ ၊ သူ့ရဲ့ကျောင်းစရိတ် ကျူရှင်စရိတ် က ဘယ်လိုလုပ် ဒီအချိန်ပိုင်းအလုပ်လစာလေးနဲ့ အဆင်ပြေပါ့မလဲ ။ မေမေ့ အသုပ်ဆိုင်ကဝင်ငွေကလည်း မိသားစုရဲ့စားစရိတ်လောက်ပဲ ထောက်ပေးနိုင်မှာပေါ့ ။ ဒါတောင် မင်းခန့်က တက္ကသိုလ်အဝေးသင်တက်ရင်း အလုပ်လုပ်ပြီး သူ့စရိတ်သူရှာနိုင်လို့ နို့မို့ဆိုရင်တော့ မလွယ် ။

" ခခ ရေ မနက်စာစားလို့ရပြီ "

" ဗျာ ဟုတ် လာပြီ မေမေ "

မေမေ့ရဲ့ခေါ်သံကြောင့် ရှင်းခ လျှောက်လွှာတွေကို စီကာထပ်လိုက်ပြီး အံဆွဲထဲသို့ထည့်ကာ အခန်းထဲမှ ထွက်လာလိုက်သည်။ အိမ်သည် ထပ်ခိုးရှိ၍ ရှင်းခနဲ့မင်းခန့်သည် အပေါ်ထပ်ကအခန်းတွင်နေပြီး မေမေနဲ့ပန်းချီကတော့ အောက်ထပ်ကအခန်းတွင်နေသည်။ အိမ်လခအတွက် စိတ်မပူရတာတစ်ခုကတော့ တော်သေးသည်ဟု ဆိုရမည် ။

ရှင်းခ ထမင်းစားခန်းထဲဝင်လာတော့ အကုန်ရောက်နေကြပြီဖြစ်သည်။ ရှင်းခလည်း ထိုင်ခုံတွင်ဝင်ထိုင်လိုက်ပြီးနောက် ဇွန်းလေးကိုင်လိုက်ရုံရှိသေး ၊ ပန်းချီကစကားစသည်။

" အလုပ်လျှောက်တာ ဘယ်လိုနေလဲ ကိုကြီး " တဲ့ ။ ရှင်းခ ခေါင်းသာခါပြလိုက်သည်။

" အလုပ်တွေကရှာရခက်ပါ့ သိပ်စိတ်မညစ်နေပါနဲ့ ခခ အဆင်ပြေသွားမှာပါ "

" ဟုတ်ပ ကိုကြီးကလည်း အစားများများစားပြီး အားရှိအောင်သာနေ ၊ ကိုကြီး ဒီရက်ပိုင်းပိန်သွားတယ် မျက်တွင်းတွေလည်း ချောင်ကျနေသလိုပဲ "

ပန်းချီက စိုးရိမ်သံဖြင့်ပြောတော့ ရှင်းခ ပြုံးပြလိုက်ပြီး ပန်းကန်ထဲက ထမင်းကြော်ကိုသာ တစ်ဇွန်းခပ်စားလိုက်သည်။ တိတ်ဆိတ်သွားပြီး အားလုံးလည်း မနက်စာကိုသာ ကိုယ်ဆီစားနေကြတော့၏။

Mg's Bodyguard (S1) [ Completed ] Where stories live. Discover now