အပိုင်း (၆၁) [ Uni + Zaw ]

3.2K 171 8
                                    

Unicode

ရှင်းခ သဘောကျသည့် အပြာနုရောင်ရှပ်အင်္ကျီလေးကိုပဲ အာဏာ ရွေး၍ဝတ်လိုက်သည်။ ပုံမှန် သူက အရောင်နုနုတွေကြိုက်သူမဟုတ် ။ အဖြူ ၊ အမဲ ၊ ခဲရောင် တွေကိုသာ လှည့်ပတ်ပြီးဝတ်နေတာဖြစ်သည်။ ဒီတစ်စုံတောင် လက်ဆောင်ရထားတာဖြစ်လို့ သူ့မှာရှိတဲ့ တစ်စုံတည်းသော အပြာနုရောင်ရှပ်အင်္ကျီပင် ။

ကိုယ့်ဘာကိုယ်နက်ဂတိုင်ချည်ရတာ တကယ်ကို အဆင်မပြေ ။ အရင်ကတော့ ကိုယ့်ဘာကိုယ် လုပ်နေကျပေမဲ့ နောက်ပိုင်းရှင်းခပဲလုပ်ပေးနေတော့ လူကကျင့်သားရနေပြီ ။ ရော့တိရော့ရဲ နက်ဂတိုင်က ဘယ်လိုမှပြင်လို့မရတဲ့အဆုံး အာဏာ လက်လျော့လိုက်ပြီး ဒီတိုင်းသာ အောက်ထပ်သို့ဆင်းလာခဲ့လိုက်တော့သည်။

မနက်စာစားရအုံးမည်လို့ အတွေးပေါ်လာသော်လည်း စားချင်စိတ်မရှိ ။ သို့ပေတည့် ညကလည်းဘာမှမစားထားသည်ဖြစ်၍ နည်းနည်းတော့စားရမည် ။ ရေခဲသေတ္တာထဲက ကွတ်ကီးနှစ်ထုတ်လောက်ယူပြီး ကားပေါ်ရောက်မှစားမည်ဟုဆိုကာ မီးဖိုချောင်ဘက်ကို ခြေဦးလှည့်မိစဥ် တွေ့လိုက်ရသည့်သူကြောင့် နှလုံးခုန်သံတို့ဟာ သိသိသာသာမြန်လာ၏။

" စီအီးအို .. နိုးပြီလားဗျ "

အာဏာ ရှင်းခမေးသည်ကိုပြန်မဖြေနိုင်ဘဲ ရှင်းခနားအမြန်သွားကာ သူတောင်မသိလိုက်ခင်မှာ ရှင်းခအားတင်းကြပ်စွာဖက်ထားမိသည်။

" လွမ်းနေတာ .. ဘယ်အချိန်ကတည်းကရောက်နေတာလဲ.. ဘာလို့ကိုယ့်ကိုမခေါ်တာလဲ.. ကိုယ်မင်းကိုကားနဲ့လာခေါ်မှာပေါ့ "

" ရပါတယ်ဗျ .. အစကတော့ ညနေမှလာမလို့ပဲ .. မနက်ဖြန်ခရီးသွားရမှာမို့လို့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ရအောင် စောစောပြန်လာခဲ့တာဗျ .. "

" ကိုယ့်ကိုဘာလို့မနှိုးတာလဲ "

" စီအီးအိုအိပ်မောကျနေတဲ့ဟာ .. ကျွန်တော်မနှောက်ယှက်ချင်ပါဘူး .. ဒါနဲ့ နက်ဂတိုင်က.. "

" အာ.. ကိုယ်မလုပ်တတ်တော့လို့ "

" ဗျာ.. "

' မလုပ်တတ်တော့လို့ ' ဆိုသည့် စကားကြောင့် ရှင်းခအံ့သြသွားရသည်။ အခုသူ့ရှေ့မှာရှိနေတဲ့သူက တစ်မိုးအောက်တစ်ယောက် စီအီးအို မင်းအာဏာမောင်လေ ။

Mg's Bodyguard (S1) [ Completed ] Donde viven las historias. Descúbrelo ahora