Unicode
အစကတော့ ကန်တော့ပြီးရင် ပြန်မယ်လို့လုပ်ထားပေမဲ့ ဒေါ်မေသက်ရှင်းက ညစာစားသွားရန်ပြော၍ မပြန်ဖြစ်ခဲ့ပေ ။ အာဏာက သည်လိုသူများအိမ်တွင် ညစာစားလေ့မရှိပေမဲ့ ရှင်းခ တစ်လကြာမှ သူ့မိသားစုနဲ့ပြန်တွေ့ခြင်းဖြစ်၍ ညစာအတူတူစားချင်မှာပဲဆိုတဲ့ အတွေးနဲ့ လက်ခံလိုက်ခြင်းဖြစ်သည်။
သစ်သားစားပွဲပေါ်တွင် ဟင်းခွက်များကိုချထားသည်။ ကန်စွန်းရွက်ကြော် ၊ ကြက်သားဘူးသီးဟင်းနှင့် ငါးပိထောင်းတို့ဖြစ်သည်။ ထမင်းပန်းကန်လေးပန်းကန်နှင့် ရေခွက်များပါ ချထားပြီးတဲ့နောက် အားလုံးဝိုင်းထိုင်လိုက်ကြသည်။
" သားလာမယ်မှန်း ကြိုသိရင် ဒေါ်ဒေါ်ဟင်းကောင်းကောင်းချက်ထားပါတယ်ကွယ် .. အခုတော့ ဒါပဲရှိလို့ .. သား စားလို့အဆင်ပြေပါ့မလား "
" မဟုတ်တာဗျာ .. အဆင်ပြေပါတယ် ဒေါ်ဒေါ် "
ရှင်းခသည် ကြက်သားဘူးသီးဟင်းကိုခပ်လျက် ဒေါ်မေသက်ရှင်းရဲ့ပန်းကန်ကိုအရင်ဦးချလိုက်သည်။ ပြီးနောက် အာဏာ့ ပန်းကန်ထဲသို့ ထည့်ပေး၏။ ရှင်းခကိုတော့ ပန်းချီကပြန်ပြီးဦးချသည်။
အာဏာသည် ပန်းကန်ထဲမှကြက်သားကို မစားသေးဘဲ သူ့ရှေ့တွင်ချထားသော ငါးပိထောင်းပန်းကန်အား အသေအချာကြည့်နေသည်။ ငါးပိထောင်းဆိုသည့် အမည်ကို ကြားဖူးပေမဲ့လည်း တစ်ခါမျှ မစားဖူးပေ ။
" ငါးပိထောင်းစားကြည့်ပါလား သားလေး .. မရမ်းသီးပါထည့်ပြီးထောင်းထားတာ .. ရွာကဒေါ်ဒေါ့်အမျိုးတွေပို့လိုက်တဲ့ ငါးပိစစ်စစ်ပါ .. တော်တော်ကောင်းတယ်ကွဲ့ "
အာဏာ ငါးပိထောင်းအား လှမ်းခပ်လိုက်သည်။ သို့သော် သူ့ပန်းကန်ထဲအရင်မထည့်ပဲ ဒေါ်မေသက်ရှင်းကို အရင်ဦးချကာ ပြီးမှ သူ့ပန်းကန်ထဲထည့်လိုက်၏။ ပြီးနောက် ရှင်းခကိုပါ " မင်းစားလား " ဟုမေးလိုက်ရာ ခေါင်းညိတ်သဖြင့် ရှင်းခပန်းကန်ထဲပါထည့်ပေးလိုက်သည်။
ကန်စွန်းရွက်ကြော် ၊ ကြက်သားဘူးသီး ၊ ငါးပိထောင်းပဲပါသည့် ရိုးရိုးရှင်းရှင်း ညစာစားခြင်းဖြစ်သော်လည်း အိမ်ထမင်းအိမ်ဟင်းဖြစ်တာကြောင့်ရော ၊ မိသားစုဆိုတဲ့ နွေးထွေးမှုကို ခံစားရတာကြောင့်ပါ အာဏာ ထမင်းတစ်ပန်းကန်ကုန်အောင်စားသည့်အပြင် နောက်တစ်ပန်းကန်ပါ ထပ်ယူ၏။
YOU ARE READING
Mg's Bodyguard (S1) [ Completed ]