"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆယ်သွယ်မူဧရိယာ ပြင်ပ..."ဖုန်းမျက်နှာပြင်ပေါ် တစ်ချက်နှိပ်လိုက်တော့ တီခနဲ လိုင်းကပြတ်ကျသွားလေသည်။ ရန်ကုန်ကို ရောက်ကတည်းက ထက်မာန်ဦးသည် လွှမ်းဆီကို ဖုန်းဆက်လေတိုင်း လူကြီးမင်းနှင့်ဘဲ တိုးနေတာက များသည်။ ထိုအော်ပရေတာသည် လူစင်စစ်သာ ဆိုလျှင် ခုချိန်လောက်ဆို ထက်မာန်ဦးနှင့် ထိုလူကြီးမင်းမလေး ညားနေလောက်ပြီဖြစ်သည်။
"လခွမ်းဘဲ။ နောက်တက်မယ့် အစိုးရကို အဲ့ရွာမှာ ဖုန်းတိုင်ထောင်ပေးမယ့်လူကိုဘဲ မဲပေးပစ်မယ်!"
ထက်မာန်ဦးမှာ ပါးစပ်ကနေသာ ပွစိပွစိ ပြောရသည်။ စိတ်တိုလာလို့ ဖုန်းကိုလည်း လက်ကချတာလည်း မဟုတ်။ ဇွဲနပဲကြီးကြီးနှင့်ဘဲ ဖုန်းကို တရစပ် ခေါ်နေမိသည်။ ဖုန်းက ခေါ်လို့မရလေ လူကပိုပြီး စိတ်တိုလာလေဖြစ်သည်။ အတန်ကြာတဲ့ အခါမှာတော့ စိတ်တိုတာနှင့်အတူ စိတ်ပူလာတာကပါ ကပ်ပါလာတော့သည်။ နဂိုကတည်းက လွှမ်းကို တစ်ယောက်တည်း ထားခဲ့ရတာ စိတ်မချပါဘူးဆိုနေမှ။
လွှမ်းနှင့်ဖုန်းကောင်းကောင်းမပြောရသည်မှာ သုံးရက်လောက်ရှိပြီဖြစ်သည်။ လိုင်းက မကောင်းလိုက်၊ ပြတ်ကျသွားလိုက် ဖြစ်လေရာ ဆယ့်ငါးမိနစ်လောက် ဖုန်းကို ကိုင်ထားသော်လည်း တကယ်တမ်းဟက်ဟက်ပက်ပက် စကားပြောရချိန်သည် တမိနစ်တောင် ပြည့်ရဲ့လားမသေချာပါ။ လွှမ်းကို ဆက်မရတော့ ထက်မာန်ဦးရဲ့ ဦးတည်ချက်က တခြားတစ်ယောက်ဆီ ပြောင်းတော့သည်။
"တီ...."
ဖုန်းစဆက်လိုက်သည်နှင့် ဖုန်းဝင်သွားသည်ဟု ဖော်ကြူးသော အသံရှည်ကြိီး။ စိုင်းဝေယံဆီကျတော့ အတားအဆီးကိုမရှိဘဲ ဖြောင့်ဖြောင့်ဖြူးဖြူး။
"အေး။ဘာလဲ။ပြော။"
သကောင့်သားသည် ဘာတွေ စိတ်မကြည်ဖြစ်နေလဲမသိ။ စလာကတည်းက ဂရေဟမ်ဘဲလ်ရဲ့ မိန်းမနာမည်တောင် မခေါ်တော့ဘဲ ဆောင့်နှင့်ထွင်းသလို စကားကို ဆောင့်ဆောင့်အောင့်အောင့်နှင့် ပြောသည်။ ဒင်းလေသံသည် အရင်ကတည်းက ခပ်မာမာဆိုပေမယ့်လည်း နှစ်ရှည်လများပေါင်းလာလို့လား မသိ။ စိုင်းဝေယံ စိတ်တိုနေလျှင် ထက်မာန်ဦးသိသည်။
YOU ARE READING
RomanceAFFECTION-နှောင်ကြိုး (Sequel)