"မင်းဒီမှာထိုင်နေတာ မပျင်းဘူးလား။"
သိက္ခာဝင်းက ကြောင်တစ်ကောင်ကို ပွေ့ပိုက်ရင်း စိုင်းဝေယံနားရောက်လာလေသည်။ ကြောင်မွှေးတွေကို သဘောမကျလှတာကြောင့် စိုင်းဝေယံ သိက္ခာဝင်းနားက ခွာပစ်လိုက်တော့ သိက္ခာဝင်းက ထရယ်လေသည်။ စိုင်းဝေယံက တိရစ္ဆာန်အမွှေးတွေနဲ့ Allergic ရှိတာကို သိက္ခာဝင်းကသိတယ်လေ။
"ကြောင်မွှေးကြောက်ရင်လည်း ဘာလို့ဒီကိုရောက်လာသေးလဲ။"
စိုင်းဝေယံတို့ အခုရောက်နေတဲ့နေရာက အင်းလေးဒေသအတွင်းက အင်းလေး အမွေအနှစ်ထိန်းသိမ်းရာနေရာတစ်ခုဖြစ်တဲ့ ဗမာကြောင်ရွာမှာ။ ကံကောင်းစွာနဲ့ဘဲ ဖုန်းကြိုမဆက်ခဲ့ပေမယ့် ကြောင်လေးတွေကို ဝင်ကြည့်လို့ ရခဲ့သည်။ စိုင်းဝေယံလည်း အစကတော့ ဒီနေ့ခရီးစဉ်ထဲ ဒီနေရာကို မထည့်ထားပါဘူး။ နောက်မှ ရောက်လာဖြစ်တာ။
"ရတယ်။ ပြီးရင် လက်ဆေးလိုက်မယ်။ မင်းသာ ငါ့နား သိပ်မကပ်နဲ့။"
သိက္ခာဝင်းက မကပ်နဲ့ဆိုကာမှ စိုင်းဝေယံဆီ သူ့လက်ထဲက ကြောင်ကိုလှမ်းပစ်မလို လုပ်ပြသည်။ စတယ်ဆိုတာ သိပေမယ့်လည်း တကယ်ကြီး စိုင်းဝေယံဆီ ကြောင်ရောက်လာလို့ကတော့ သူငယ်ချင်းလည်း ထရိုက်မှာ။ ကြောင်မွှေးထိရင် ယားလာတတ်ပါတယ်ဆို။
"ဟား။ဟား။ ငါကစတာပါ။ တကယ်မလုပ်ပါဘူး။"
စိုင်းဝေယံ လက်တွေဘာတွေနဲ့ ထကာနေတဲ့ပုံတွေကို ကြည့်ပြီး သိက္ခာဝင်းက သဘောတွေကျနေတော့သည်။ သူကျေနပ်လောက်တဲ့အထိ ရယ်ပြီးကာမှ သော်လွှမ်းကို ပြေးသတိရသည်။
"ဒါနဲ့ သော်လွှမ်းရော။"
"ဟိုမှာလေ။ ကြောင်တွေနဲ့။"
စိုင်းဝေယံ ရှေ့ခပ်လှမ်းလှမ်း တနေရာကို မေးငေါ့ပြလိုက်သည်။ ပြတင်းပေါက်နားလေးမှာ ငုတ်တုတ်ထိုင်ချရင်း ကြောင်သုံးကောင်နှင့် ဆော့နေလေတဲ့ သော်လွှမ်း။ နို့နှစ်ရောင်တစ်ကောင်၊ အမည်းရောင်တစ်ကောင်နှင့် အဖြူနှင့် အနက်ကြား တစ်ကောင်။ ဗမာကြောင်မျိုးစစ်လေးတွေဆိုတော့ အသွေးအမွှေးက တမျိုးတဖုံ ဆန်းသစ်ပြီး လှသည်။
YOU ARE READING
RomanceAFFECTION-နှောင်ကြိုး (Sequel)