Part-15-Unicode

9.5K 1K 194
                                    

မနက်မိုးလင်းပြီဆိုတာနှင့် သော်လွှမ်းတစ်ယောက် ကြက်ခြံသွားဖို့ တာဆူနေလေပြီ။ ပုံမှန် သော်လွှမ်းထက် အမြဲစောနိုးတတ်ပေမယ့် ဒီမနက်တော့ မနိုးသေးတဲ့ ကိုလေးကို အလိုက်တသိနှင့် နိူးမနေတော့။ သော်လွှမ်းဘာသာ မနက်စောစောထပြီး ကြက်စာ ထချက်လိုက်သည်။ ပြီးတော့ ကြက်စာအိုးကို ခဏအအေးခံပြီး ကြက်ခြံဘက် သယ်သွားလေသည်။

အိမ်နောက်ဖေးအဖီလေးထဲက အပြင်သို့ထွက်လိုက်သည်နှင့် ပြင်ပရဲ့ မတူညီသော အပူချိန်က သော်လွှမ်းရဲ့ သွေးတွင်းအပူချိန်ကို လျော့ကျစေသည်။ ပတ်ဝန်းကျင်ဟာ ယခင်ရက်တွေက အတိုင်း အေးစိမ့်လို့နေမြဲ။ ရှမ်းတောင်တန်းတွေနောက် နေမင်းက ပုန်းကွယ်ဆဲ ဖြစ်ပေမယ့် သဘာဝ အလင်းရောင်ကတော့ ဝန်းကျင်ကို လွှမ်းခြုံလာသည်။

ရွာကလေးသည် တောင်ကုန်းထက်တွင် တည်ထားလေရာ သော်လွှမ်းတို့ ခြံအနောက်ဘက်ဆီမှ လှမ်းမျှော်ကြည့်လိုက်ရင် တမျှော်တခေါ်မှာက လက်ဖက်ခင်းစိမ်းစိမ်းတွေ၊ ၀ါလွင်လွင် မုန်ညင်းခင်းတွေ။ ဓနုရိုးရာ ဝတ်စုံလေးတွေနှင့် မိန်းကလေးတွေကတော့ဖြင့် ပလိုင်းလေးတွေ ကိုယ်စီနှင့် သော်လွှမ်းထက် အလျှင်ပင် သီချင်းသံ တကြော်ကြော်နှင့် လုပ်ငန်းခွင် ဝင်နေကြပြီ။

သော်လွှမ်းမှာတော့ သဘာဝရဲ့အလှအပတွေကိုလည်း မခံစားနိုင်။ ထိုရှမ်းမလေး တွေလိုလည်း သီချင်းလေး တညည်းညည်းမလုပ်နိုင်။ ရိုးရာမပျက် ကြက်ခြံတံခါးကို ဖွင့်လိုက်သည်နှင့် ကြက်တွေနှင့် နပန်းသတ်ရမြဲ။ ကြက်မနှစ်ကောင် သုံးကောင်ခန့်က မျက်နှာရှေ့ ဝဲခနဲ ပျံတက်လာလေရာ သော်လွှမ်း လန့်ဖြန့်သွားရသည်။

"အာ။ဒီသောက်ကြက်မတွေကတော့။ ငါရိုက်သတ်ပစ်လိုက်ရ။"

"ငါ့ကြက်မတွေကို ရိုက်သတ်မယ်ဆိုတော့ မင်းက ဥပေးမှာလား။"

မရှေးမနှောင်းထွက်ပေါ်လာတဲ့ အသံကြောင့် သော်လွှမ်း ဘေးဘီဝဲယာ ကိုလှည့်ပတ်ကြည့်လိုက်သည်။ နောက်တည့်တည့်မှာက သော်လွှမ်းကို လှမ်းကြည့်နေတဲ့လူတစ်ယောက်။ အနွေးထည်ထူထူနှင့် ဘောင်းဘီရှည်ဝတ်ထားတဲ့ ထိုလူရဲ့ ရုပ်က ပြုံးစိစိနဲ့။

နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီ-  နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီTempat cerita menjadi hidup. Temukan sekarang