လွှမ်းရောင်ထည်ဝါ စံအိမ်တော်ကြီးတွင် အစေခံတို့သည် ဗန်းကြီးငယ်တို့ကို ပိုက်ကာ အိမ်ပေါ်ထပ်မှ အောက်ထပ်သို့ ပျားပန်းခတ်မျှ ကူးသန်း သွားလာနေကြလေသည်။ ပင့်ထားသော ဘုန်းကြီး ငါးပါးတို့ အိမ်ဦးခန်း ဖြစ်သော ဘုရားခန်းတွင် နေရာယူပြီးသည်အထိ အိမ်တော်ထိန်း၏ စီမံညွှန်ကြားချက်တို့က မပြီးဘဲရှိနေလေရာ ဒေါ်ချောခင်ခင်မှာ တစ်ချက် လှမ်းဟန့်လိုက်ရသေးသည်။"ဒီမှာတရားနာတော့မယ်လေ။ တိုးတိုး။"
"ရတယ်။ မာမီ။ သမီးတစ်ချက်သွားကြည့်လိုက်ဦးမယ်။ ဘုန်းဘုန်းတရားနာတာ စရင်စနှင့်လိုက်တော့။"
မနေနိုင်တဲ့ မေလွှမ်းကပင် ထိုင်နေရာကနေ ထသည်။ ရေစက်ချပြီးတာနှင့် ဆွမ်းကျွေးမည်ဖြစ်ပေရာ ထိုဆွမ်းပွဲကိစ္စကိုလည်း သွားကြီးကြပ်ရပေဦးမည်။ စိတ်ချလက်ချ မျက်နှာလွှဲခဲ့လို့ မရနိုင်သေးသည်မှာ ဘယ်နှနှစ်ကြာကြာ မပြောင်းလဲသေး။
"နေစမ်းပါ။ မမလေးရယ်။ သမီးမှာလည်း မပေါ့မပါးနဲ့။"
"မာမီရယ်။ နှစ်လကျော်ဘဲ ရှိပါသေးတယ်။ ချက်ချင်း ပြန်တက်လာခဲ့မယ်။"
မာမီ့ကို ဖြောင်းဖြရင်း ထွက်သွားဖို့ အပြင်မှာဘဲ မာမီကနောက်ကနေ လှမ်းအော်မေးလေသည်။
"အင်း။အင်း။ ဒါဆိုလည်း ဂရုစိုက်သွားဦး။ ဒါနဲ့ မမလေး။ ကိုလေးရော ဘယ်မှာလဲ။တွေ့မိသေးလား။"
မာမီမေးမှ သတိရတော့သည်။ ကိုလေးက ခုထိ ဘုရားခန်းကို တက်မလာ သေးတာလား။ မေလွှမ်းတို့လည်း တမနက်လုံး သင်္ကိန်း ပဋိခရာတွေ ပြင်၊ ဟိုဟာပြင်ဒီဟာပြင်နဲ့ အလုပ်တွေရှုပ်နေတော့ ကိုလေးကိုတောင် ဂရုမထားလိုက်မိ။
မေလွှမ်း မလှမ်းမကမ်းက သော်လွှမ်းကို ကိုလေးဘယ်မှာလဲဆိုတဲ့ အကြည့်နဲ့ လှမ်းကြည့်လိုက်သည်။ သော်လွှမ်းက မသိဘူးဆိုတဲ့ အထာနှင့် ပုခုံးသာ တစ်ချက်တွန့်ပြပြီး ဖုန်းကိုသာ ဆက်ပွတ်နေလေသည်။
ငယ်လေးကို ဆက်မေးလည်း မထူးဘူးဆိုတာသိတဲ့နောက် မေလွှမ်းဘဲ ဟင်းခနဲ သက်ပြင်းချကာ နေရာကနေ ခပ်မြန်မြန် ထွက်ခဲ့သည်။ မာမီကတော့ တရားနာရတော့မည်မို့ စိတ်လောနေပုံရသည်။ မေလွှမ်းကို နောက်ကနေ တကြော်ကြော်နဲ့ လှမ်းမှာနေလေသည်။
YOU ARE READING
RomanceAFFECTION-နှောင်ကြိုး (Sequel)