စိုင်းဝေယံ ရောက်လာချိန်တွင် ခြံလေးသည် တိတ်ဆိတ်နေလျှက်။ အရမ်းများ စောလွန်းသွားသလားဟု တွေးလိုက်မိသေးသည်။ ပတ်ဝန်းကျင်သည် မြူငွေ့ပြယ်ကာစပင် ရှိသေးသည် မဟုတ်ပါလား။ ဝေလွှမ်းမှာထားတဲ့ ဆေးပစ္စည်းတချို့နှင့်အတူ အသုံးအဆောင်တချို့ကို သယ်ကာ အိမ်ပေါ်သို့ တက်လာခဲ့သည်။ အိမ်ပေါ်တွင်လည်း လူရိပ်လူယောင်သော်မျှ မမြင်ရ။ ဘယ်တွေ သွားနေကြတာပါလိမ့်။
ဒီအိမ်ကလေးသည် စိုင်းဝေယံ အတွက် တံခါးမရှိ ဓားမရှိဆိုပေမယ့်လည်း အိမ်ပေါ်တွင် လူတစ်ဦးတစ်ယောက်မှ မရှိပါဘဲ စိုင်းဝေယံ ကြာကြာမထိုင်ချင်။ သယ်လာတဲ့ ပစ္စည်းတွေကို စားပွဲပေါ်တင်ထားလိုက်ရင်း အိမ်အောက်သို့ ဆင်းလိုက်သည်။ ခြံမျက်နှာစာက ဂန္ဓမာပန်းတွေကို ကျော်လွန်ပြီး ခြံနောက်ဖက်ဆီသို့ ခြေလွန်သွားတဲ့ အချိန်မှာတော့ တစစီကွဲကြေနေပြီဖြစ်တဲ့ မြူမူန်မြူမွှားတွေကြားမှာ ကောင်လေးတစ်ယောက်ကို မြင်လိုက်ရလေသည်။
သော်လွှမ်း..
စိုင်းဝေယံ လှမ်းတော့ မခေါ်လိုက်မိ။ ကြက်ခြံထဲက ထွက်လာပုံရတဲ့ သော်လွှမ်းသည် ကြက်ဥခြင်းကြီးကို မနိုင်မနင်းနှင့် သယ်မလာလေသည်။ နေဝန်းနီနီသည် တောင်စွန်းတွင် ခေါင်းပြူကာစပင် ရှိသေးသည်။ သော်လွှမ်းရဲ့ နဖူးပြင်ပေါ်တွင်တော့ ချွေးစိုနေပြီဖြစ်သည်။ ယခင်က လက်ကြောမတင်းဟု စိုင်းဝေယံ တွေးခဲ့သမျှ ဒီကောင်လေးသည် ခုနောက်ပိုင်းတွင်တော့ စိုင်းဝေယံ တွေ့တိုင်း အလုပ်နှင့် လက်ပြတ်သည်ဆိုတာ သိပ်မရှိ။ ဝေလွှမ်းတို့များ သူ့ညီကို အပိုးကျိုးနေအောင် ချိုးချထားတာဘဲ။
"ဟင်..။"
အိမ်ဘက်ကိုလျှောက်လာလျှက်နှင့် စိုင်းဝေယံကို ပြူးကြည့်လာသော မျက်ဝန်းတစ်စုံ။ မျက်လုံးချင်းတန်းနေအောင် ဆုံမိသွားတော့ စိုင်းဝေယံမှာ ရှောင်ခွင့်တောင် မသာလိုက်။
"အစောကြီးရောက်လာတာလား။"
ဖြည်းဖြည်းလည်း ငါ့ဆီလျှောက်လာပါဟ။ လက်ထဲက ကြက်ဥတွေ ပြုတ်ကျပြီး ကွဲကုန်လို့ ဝေလွှမ်းဆီမှာ အဆူခံနေရဦးမယ်။ စိုင်းဝေယံကိုတွေ့တာနဲ့ နို့စို့ကလေး အမေမြင်သလို ပြေးလာတဲ့ သော်လွှမ်းကို စိတ်ထဲကနေ ပြောလိုက်မိသည်။ အနားရောက်လာတာနှင့်အမျှ သော်လွှမ်း ကိုယ်ပေါ် စွဲကပ်ပါလာတဲ့ ပုပ်အဲ့အဲ့ အနံ့တစ်မျိုးက လေထုထဲ လွင့်ပျံ့လာလေသည်။ ဒါနဲ့ မျက်နှာပေါ် ပေကျံနေတာတွေကရော ကြက်ချေးတွေများလား။
KAMU SEDANG MEMBACA
RomansaAFFECTION-နှောင်ကြိုး (Sequel)