ထက်မာန်ဦး အိပ်ရာက ထထချင်း,တံခါးအကွယ်ကနေ လှမ်းချောင်းလိုက်တော့ မီးဖိုချောင်ထဲ တကုတ်ကုတ်နှင့် အလုပ်ရှုပ်နေတဲ့ လွှမ်း။
"ဘာလုပ်နေတာလဲ။"
မီးဖိုချောင်ထဲ ခြေချရင်း လွှမ်းကို လှမ်းမေးတော့ မီးသွေးမီးဖိုက မီးတောက်အောင် ယပ်ခတ်နေလျှက်မှ လွှမ်းက လှည့်ကြည့်လေသည်။ ဘေးမှာရှိနေတဲ့ ထက်မာန်ဦးရဲ့ထမင်းပေါင်းအိုးကတော့ ဘူးထဲ ထည့်ပိတ်လျှက်သာ။ မနေ့ညကတော့ လွှမ်းက ပြောပါတယ်။ မီးမှမမှန်တာ။ မာန်ရယ်။ ထမင်းပေါင်းအိုးနဲ့ဆိုလို့ကတော့ ထမင်းငတ် သွားလိမ့်မယ်တဲ့။ ဒီလိုမှန်းသိ မ၀ယ်လာပါဘူး။
"ဟင်းထုပ် လုပ်စားမလို့လေ။ ဒီနေ့ထမင်းမချက်တော့ဘူး။"
လွှမ်းရဲ့ ပတ်ပတ်လည်မှာလည်း ဆန်မူန့်တွေ၊ အသင့်လှီးပြီးသား ကြက်သွန်မြိတ် တွေကို အဆင်သင့် တွေ့လိုက်ရလေသည်။ ထက်မာန်ဦး ၀င်ပြီး ဇလုံတစ်ခုကို ဆွဲယူတော့ လွှမ်းက ကပျာကယာလှမ်းတားသည်။
"ငါ့ဟာငါ လုပ်ကျွေးမယ်။ မနေ့ကမှ ပြန်ရောက်လာတာ ငြိမ်ငြိမ်မနေဘူး။"
"ဟင်းထုပ်လုပ်ရင် ငါ့လက်ရာက အကောင်းဆုံးပါဆို။ မင်းလုပ်ရင် အကြီးတစ်ထုပ် အသေးတစ်ထုပ်နဲ့။ ပေါ့ကပေါ့သေး။"
"အကြီးတစ်ထုပ် အသေးတစ်ထုပ်ဖြစ်တာက ဖက်ကြောင့်ဖြစ်တာပါ။ ဖယ်တော့။"
အနားသို့တိုးကပ်လာတဲ့ လွှမ်းကို နောက်ကနေ အလိုက်သင့်ပင် ဆွဲပွေ့ပစ်လိုက်သည်။ နုနုနယ်နယ်လေးမဟုတ်တဲ့ လွှမ်းဟာ ရင်ခွင်ထဲ ၀ုန်းခနဲ ပြိုလဲကျမလာပေမယ့် ဆွဲဖက်လိုက်တဲ့ အရှိန်ကြောင့် ထက်မာန်ဦးရဲ့ ရင်ဘတ်တ၀ိုက်ကို အလိုက်သင့်လေးတော့ မှီကျလာလေသည်။
"မာန်။"
ခပ်ဟဟလေးထွက်ပေါ်လာတဲ့ ခေါ်သံဟာ မတိုးမကျယ်ဆိုပေမယ့် အနည်းငယ် ဆောင့်ဆောင့်အောင့်အောင့်နှင့်။
"ဘာလဲ။ မကြိုက်ဘူးဆိုလည်း ၀ဋ်လည်တယ်လို့မှတ်။"
အရင်က ထက်မာန်ဦး ဟင်းချက်နေတိုင်း အဲ့လိုမျိုး ၀င်,၀င်ရှုပ်တတ်တဲ့ လွှမ်းဟာ အတိတ်တော့ မမေ့လောက်သေးဘူး ထင်ပါရဲ့။ သူ့အလှည့်ကျ မကြိုက်ဘူးလို့ ပြောလို့ရမလား။
YOU ARE READING
RomanceAFFECTION-နှောင်ကြိုး (Sequel)