Part-23-Unicode

8.7K 981 197
                                    


"ငယ်လေး။"

အခန်းဝကနေ လှမ်းခေါ်လိုက်တဲ့အသံသည် ထိုက်သင့်သလောက် ကျယ်သော်ညားလည်း ကုတင်ပေါ်က စောင်ထုတ်ကလေးသည် တုပ်တုပ်မျှ လူပ်မလာ။ အဲ့ကုတင်ဆိုတာကလည်း မာန်မရှိနေရင် သူ့အပိုင်ဘဲ။ ဝေလွှမ်း အခန်းထဲ ဝင်သွားလိုက်ပြီး ကုတင်ပေါ် တင်ပလွှဲထိုင်ချလိုက်သည်။

"ငယ်လေးရေ။ ထသင့်နေပြီ။ ဘယ်အချိန်ရှိနေပြီလဲ။"

ချမ်းချမ်းစီးစီးနဲ့ ကွေးနေတဲ့ ငယ်လေးရဲ့ ပုခုံးကို လူပ်နိူးလိုက်မိသည်။ အချိန်အားဖြင့် မနက်ရှစ်နာရီထိုးနေပြီ။ ဒီကောင်လေး စိုင်းဝေယံ အိမ်က ပြန်လာပြီးကတည်းက အကျင့်တွေ ပျက်နေတာဘဲ။

"ထတော့လို့ ပြောနေတယ်လေ။ မနက်စာ စားရမယ့်အချိန်ကျော်နေပြီ။"

ခုတလော အလုပ်မလုပ်ဘဲ အိပ်ရာထဲမှာဘဲ ခွေခေါက်နေတတ်တဲ့ ငယ်လေးကို တမင်မထဘဲ ပေတေအိပ်နေသည်ဟု တွေးမိသည်မှာ ဝေလွှမ်း အလွန်မဟုတ်ပေ။ စိုင်းဝေယံ အိမ်မှာ ဘယ်လိုနေလာခဲ့ရလဲ မသိပေမယ့် ဝေလွှမ်းဆီမှာတော့ ဒီလို စည်းပျက်ကမ်းပျက် လုပ်လို့မရပါဘူး။ ဒီထက်ပိုပြီး အိပ်နေမယ်ဆိုရင်တော့ ကုတင်ပေါ်ကနေ ဆွဲချပစ်မိတော့မယ်။

"ငယ်လေး။ အခုထရင်ထ။ မထရင်..။"

ခေါင်းထိလုံအောင် ခြုံထားတဲ့ စောင်ကို ဆွဲယူပစ်လိုက်ချိန် ငယ်လေးရဲ့ လည်ပင်းသားတွေကို အမှတ်မထင် ထိလိုက်မိတော့ ဝေလွှမ်း လန့်ဖြန့်သွားသည်။

ပူကျစ်နေတာဘဲ။

စောင်ကို အသာအယာဖြေလျော့ပေးလိုက်တဲ့ လက်ဖဝါးလေးတွေကို လှမ်းဖမ်းဆွဲပြီး ကမန်းကတန်း ဆုပ်ကိုင်လိုက်တော့ ရေခဲပမာအေးစက်နေတဲ့ လက်ဖျားတွေ။

တစ်ဖက်သို့ စောင်းအိပ်နေတဲ့ ကိုယ်လုံးကို ဆွဲလှန်လိုက်ချိန် မြင်တွေ့လိုက်ရတဲ့ ရဲရဲနီနေတဲ့ မျက်နှာလေးသည် ကိုယ်ပူချိန်ကို တကူးတက တိုင်းစရာလိုမနေတော့။ ငယ်လေးဖျားနေပြီ။

ပျဉ်မညီတဲ့ ကြမ်းခင်းသည် အတတ်နိုင်ဆုံး ညင်သာစွာ ပြုမူလူပ်ရှားတဲ့တိုင် ခြေနင်းလိုက်တိုင်း တကျွီကျွီမြည်သံကို ပြုလေစမြဲ။ သို့တိုင် ကုတင်ပေါ်မှာ ငြိမ်သက်နေတဲ့ ကောင်လေးသည် တစ်ချက်ကလေးမှ လူပ်ရှားမလာ။ ဝေလွှမ်း ယူလာတဲ့ ရေဇလုံနှင့် ရေပတ်ဝတ်ကို ဘေးက စားပွဲပေါ်တင်လိုက်ပြီးမှ ငယ်လေးရဲ့ နဖူးပြင်ပေါ် လက်ဖဝါးပြင်ကို အသာအယာတင်လိုက်သည်။

နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီ-  နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီTempat cerita menjadi hidup. Temukan sekarang