နိုးလာတဲ့အချိန်မှာ အဲလ်ကွန်းရဲ့သိပ်သည်းနေတဲ့ အအေးဓာတ်ကို အရင်ဆုံး သတိပြုမိသည်။ အိပ်ခန်းကျဉ်းလေးထဲ သဘာဝလေမဟုတ်တဲ့ အေးစိမ့်စိမ့်အငွေ့အသက်တွေက ခြုံလွှမ်းလို့။
ဝေလွှမ်းမျက်တောင်ရှည်တွေကို တဖျတ်ဖျတ်လှုပ်ခတ်ရင်း မျက်လုံးနှစ်ဖက်ပွင့်လာချိန်မှာတော့ အရင်ဆုံး မြင်လိုက်ရသည့် မျက်နှာပိုင်ရှင်လေးသည် မာန်ပင်။ အိပ်မှုံစုံမွှားဖြစ်နေတဲ့ကြားမှ အပြုံးပါးပါးတစ်ခုက ဝေလွှမ်းရဲ့နှုတ်ခမ်းပေါ် ဖြတ်ပြေးသွားရတော့သည်။
မာန့်မျက်နှာလေးကို ငေးကြည့်ရင်းနိုးထခွင့်ရတဲ့ မနက်ခင်းတွေဟာ ဝေလွှမ်းအတွက်တော့ မင်္ဂလာအပေါင်းနှင့် ခညောင်းပြီးသားမနက်ခင်းတွေပင်။
အိပ်ရာထဲကနေ အသာထကာ အကြောကို တစ်ချက်နှစ်ချက်ဆွဲဆန့်ပြီးသည်အထိ မာန်ဟာ တုပ်တုပ်မျှမလှုပ်ဘဲ အိပ်လို့ကောင်းတုန်း။ ညက ဝေလွှမ်း ခရီးပန်းတာနှင့် အရင်အိပ်ပျော်သွားခဲ့ရာ မာန်ဘယ်ချိန်မှအိပ်လဲ ဝေလွှမ်းမသိခဲ့။ ခုတင်ခေါင်းရင်းမှာ လပ်တော့ပ်က ဖွင့်ထားလျက်တန်းလန်းရှိနေပုံအရ ညတုန်းက ရုပ်ရှင်ကြည့်ပြီး မာန်အိပ်ရာဝင်တာနောက်ကျတယ်ထင်ပါရဲ့။
ဝေလွှမ်းသည် မာန့်ကို မနှိုးရက်တော့ဘဲ စောင်ထဲမြုပ်နေတဲ့ မာန့်ပါးပြင်ထက်ကိုသာ အနမ်းဖွဖွလေး ခြွေချလိုက်လေသည်။
"သား။ ဝေလွှမ်း။ နိုးလာပြီလား။"
အခန်းပြင် ထွက်ထွက်ချင်း တီချယ်နှင်းဝေနှင့် တန်းတိုးတာမို့ ဝေလွှမ်း ကယောင်ကတမ်း ပြုံးပြလိုက်ရသေးသည်။ တီချယ့်လက်ထဲက ကြွေအိုးနှင့်ထည့်ထားတဲ့ သစ္စာပန်းအနီရောင်တွေက နွမ်းလျလို့နေပြီ။ ကြည့်ရတာ ဘုရားပန်းအိုးလဲဖို့ ပန်းအိုးကိုယူပြီးပြန်လာတယ်ထင်ပါရဲ့။
"လာ။လာ။ မျက်နှာသစ်ဘေစင်က အိမ်နောက်မှာ။ ကြီးငယ်နဲ့လိုက်ခဲ့။"
မနေ့ညက ရေချိုးတုန်းက တစ်ခါ အိမ်နောက်ဖေးရောက်ပြီးသော်လည်း ဒီအိမ်နှင့် အသားမကျသေးသူမို့တီချယ်နှင်းဝေရဲ့ နောက်ကနေသာ ဝေလွှမ်းလိုက်ရပေသည်။ ငယ်ငယ်က ဆယ်တန်းအဆောင်နေခဲ့တဲ့ တိုက်အိုကြီးထဲမှာ ဘယ်နေရာ ဘာရှိလဲ ဝေလွှမ်းအကုန်ရင်းနှီးကျွမ်းဝင်ခဲ့သလောက် အဲ့တိုက်အိုကြီးရဲ့ ငါးပုံတစ်ပုံအကျယ်ပင် မရှိတဲ့ ဒီကွန်ဒိုတိုက်ခန်းကို ဝေလွှမ်းနေသားမကျသေး။ အခုမှ တတိယအကြိမ်မြောက်ရောက်တာမို့ နည်းနည်းစိမ်းနေတာ ပါမှာပေါ့။ နောက်တော့လည်း အဆင်ပြေသွားမှာပါ။
CZYTASZ
RomansAFFECTION-နှောင်ကြိုး (Sequel)