"အေးတယ်လေ။ အိမ်ရှေ့တံခါးဝမှာ ဘာလုပ်နေတာလဲ။ ငယ်လေး။"ဝေလွှမ်း တံခါးပိတ်ဖို့ အိမ်နောက်ဖေးကနေ အိမ်ရှေ့ကို ထွက်အလာ အိမ်ရှေ့အပေါက်ဝကို ပိတ်ထိုင်နေတဲ့ ငယ်လေးကို လှမ်းမေးလိုက်မိသည်။ သို့သော် ဝေလွှမ်းကို ကျောခိုင်းထားတဲ့ ထိုကျောပြင်လေးဟာ တစ်ချက်တုန်သွားရုံမှအပ ဘာမှပြန်မဖြေလာ။ အပြင်မှာ အမှောင်ထုကလည်း ကြီးစိုးနေလေပြီ။ မာမီပြန်သွားတာလည်း နာရီအတန်ကြာခဲ့ပြီဖြစ်သည်။ ငယ်လေးလည်း ဖျားနေဆဲပင် မဟုတ်ပါလား။
"နေ့လည်တုန်းက ဘာလို့ မာမီ့ကို ထွက်မတွေ့ရတာလဲ။"
မေးရင်း တလက်စတည်းနှင့် ယူလာခဲ့တဲ့ ခြုံစောင်ကို ငယ်လေးရဲ့ ကိုယ်ပေါ်မှာ တစ်ခါတည်း လွှမ်းပေးလိုက်သည်။ ဝေလွှမ်းသည်လည်း ငယ်လေးရဲ့ ဘေးမှာ ခြေဆင်း ထိုင်ချလိုက်လေသည်။ ဒူးနှစ်ဖက်ကို ပိုက်ကာ မျက်နှာလေးက စူပုတ်ပုတ်နှင့် ရှေ့တည့်တည့့်ကို ငေးကြည့်နေတဲ့ ငယ်လေး တစ်ခုခုကို တွေးနေသည်ဆိုတာကတော့ ဝေလွှမ်း တပ်အပ်ပြောနိုင်သည်။
"ကိုလေး ဘာလုပ်ဖို့ စဉ်းစားထားလဲ။"
"မသိသေးဘူး။"
ဝေလွှမ်း ဟင်းခနဲ အသက်ကို တစ်ချက်ရှိုက်ရှုလိုက်မိရင်း အဖြေတစ်ခုကို ခပ်မြန်မြန်ပေးလိုက်သည်။ လှည့်ကြည့်လာတဲ့ ငယ်လေးသည် အကြည့်ကိုပြန်လွှဲကာ ခုနက သူစိုက်ကြည့်နေခဲ့တဲ့ နေရာလေးကို ခပ်စိုက်စိုက် ငေးကြည့်နေလေသည်။
"ငယ်လေးရော ပြန်လိုက်သွားချင်လား။"
ငယ်လေးက ခေါင်းကို ခပ်လေးလေးခါပြီးတော့သာ တုံ့ပြန်သည်။
"ကျွန်တော်ပြန်လိုက်ရင် မာမီ့အတွက် ဝန်ပိုတာဘဲ ရှိမှာပေါ့။ ဘာများလုပ်ပေးနိုင်မှာမို့လို့လဲ။"
ငယ်လေးသည်လည်း ငြိမ်သက်သွားသလို ဝေလွှမ်းသည်လည်း အတွေးတွေနှင့် လှောင်ပိတ်လို့ သွားသည်။ အခုချိန်မှာ မာမီ့အတွက် လောက်လောက်လားလား အားထားလောက်စရာရယ်လို့ ဘယ်သူမှမရှိတဲ့အချိန်မှာ ဝေလွှမ်းကပါ မျက်နှာလွှဲလိုက်မယ်ဆိုရင်။ ဆက်တောင် တွေးလို့ မဖြစ်လောက်အောင် မွန်းကြပ်သွားမိပြန်သည်။ ဘေးမှာ ရှိနေတဲ့ ငယ်လေးကိုလှမ်းပြီး နှစ်သိမ့်ပေးဖို ပုခုံးပေါ် လက်တင်လိုက်တဲ့အချိန်မှာ လက်ဖျားထိပ်တွေဆီက တုန်ခါမူလေးကို ခံစားလိုက်ရသည်။
YOU ARE READING
RomanceAFFECTION-နှောင်ကြိုး (Sequel)