Part-8-Unicode

7.9K 938 105
                                    


"အေး။ပြော။"

အိမ်ပြန်ရောက်ရောက်ချင်း ရေချိုးပြီးကာစဘဲ ရှိသေးသည်။ သူငယ်ချင်း တစ်ယောက်ဆီမှ ဖုန်းကဝင်လာတာကြောင့် သော်လွှမ်း ကောက်ကိုင်လိုက်သည်။ အခန်းနံရံပေါ်က နာရီကို တလက်စတည်း လှမ်းကြည့်လိုက်တော့ ညကိုးနာရီထိုးလုပြီ။ ထုံးစံအတိုင်း ဒီလိုအချိန်ဖုန်းဆက်ပြီဆို ကလပ်တက်ဖို့ သော်လွှမ်းကို ခေါ်ခြင်းသာဖြစ်သည်။

"ငါမလာတော့ဘူး။ အခုမှ ဆိုင်ကနေပြန်ရောက်တာ။ အပြင်ထွက်ချင်စိတ်လည်း မရှိတော့ဘူး။"

မငြင်းစဖူး ငြင်းလာတဲ့ သော်လွှမ်းကြောင့် ထိုသကောင့်သားမှ အံ့သြသွားပုံရသည်။ မတတ်နိုင်။ တနေကုန် ကိုနေမင်းပိုင်နှင့် အလုပ်ကိစ္စတွေ ဆွေးနွေးပြီး ညနေကျတော့ စျေးချိုဘက်မှာ မာမီတို့ဖွင့်ထားတဲ့ စိန်ရွှေရတနာဆိုင်က ငွေတွေကို သွားပြီး သိမ်းရသေးသည်။ ငွေနှင့် စာရင်းဇယားက ကွာနေတာကြောင့် ဆိုင်မန်နေဂျာနှင့်လည်း ပြသနာတက်ခဲ့ရသေးရာ စိတ်ကမကြည်ချင်။ ဖေဖေကျန်းမာရေးမကောင်းဘူးလို့ ကြပ်ကြပ်မတ်မတ် မအုပ်ထိန်းနိုင်တဲ့ ဒီကာလလေးမှာ လက်အောက်က ဝန်ထမ်းတွေက ဖြစ်ချင်တိုင်းကို ဖြစ်ပျက်နေတော့တာဘဲ။

"လိုက်ခဲ့စမ်းပါကွာ။ ကလပ်မသွားချင်လည်း အေးအေးဆေးဆေးရှိတဲ့ ဘားတစ်ခုခုကို သွားမယ်လေ။ ဟိုတယ် Apex အပေါ်ထပ်က Sky Bar ဆိုရင်ရော။"

Sky Bar ဆိုတော့ ပိုးက အကင်းမသေသေးတဲ့ သော်လွှမ်း လူပ်လူပ်ရှားရှားလေး ဖြစ်သွားသည်။ အရမ်းမဆူဘဲ ဆိတ်ဆိတ်ငြိမ်ငြိမ်လေးရှိတဲ့ ထိုဘားကိုတော့ သော်လွှမ်း အတော်လေး သဘောကျလှသည်။

Vodka လေးမော့သောက်ရင်း မီးရောင်တလက်လက်နှင့် မန္တလေးမြို့ကြီးကို အပေါ်စီးကနေ ငေးကြည့်နေရလျှင်ဖြင့်။

ဗီရိုထဲကနေ ဆွဲထုတ်လက်စ ညဝတ်အကျႌကို သော်လွှမ်း ပြန်ထိုးထည့်လိုက်တော့သည်။

"အေး။မင်းတို့သွားနှင့်လိုက်။ ငါလိုက်လာခဲ့မယ်။"

အခန်းထဲက ထွက်လာတဲ့ သော်လွှမ်းရင်ဘတ်မှာ အစွယ်ဖြဲပြနေတဲ့ အဖြူရောင် သရဲတစ်ကောင်ရဲ့ မျက်နှာက အနက်ခံမှာ အထင်းသား။ ပေါင်နှင့် ဒူးခေါင်းနေရာတဝိုက်မှာ နှစ်ချက်သုံးချက်လောက် ဖွာစုတ်နေတဲ့ မီးခိုးရောင် ဂျင်းသားဘောင်းဘီနှင့် သော်လွှမ်းခြေလှမ်းတွေက မြောက်ကြွကြွ။

နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီ-  နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီTempat cerita menjadi hidup. Temukan sekarang