"ဝှါး...။""ဘုန်း!"
"အား!"
ထိုအသံသုံးသံက တဆက်တည်း ထွက်ပေါ်လာသည်။ အပျင်းကြောလေး တစ်ချက် နှစ်ချက်လေး ဆွဲဆန့်လိုက်မိလို့ ကုတင်ပေါ်ကနေ ပြုတ်ကျတာ မစားသာလှ။ ပုံမှန်အိပ်နေကျ နှစ်ယောက်အိပ် ကုတင်ကျယ်ကြီးမှတ်ပြီး အားရပါးရ လူးလှိမ့်ပစ်လိုက်တာ ကြမ်းပြင်နှင့် နဖူးက မိတ်ဆက်လေတော့သည်။
မူးဝေသွားတဲ့ ခေါင်းကို ပွတ်သပ်ရင်း ကြမ်းပြင်ပေါ်ကနေ သော်လွှမ်း ကုန်းရုန်း ထထိုင်သည်။ ရောက်နေတဲ့ အခန်းပတ်ချာလည်ကို အခုမှ သော်လွှမ်း မျက်စိသူငယ် နားသူငယ်နှင့် ပတ်ကြည့်မိသည်။ ခေတ်ဟောင်းကာလက စားပွဲအိုကြီးပေါ်တွင် စာအုပ်ရှည်ကြီးတွေက တထပ်ကြီး။ ပုံစံအရတော့ စာရင်းစာအုပ်တွေ။ ထိုစားပွဲအပေါ်မှာက သစ်သားပြား နှစ်ချပ်သုံးချပ်ကို သံထောက်တိုင်နှင့် တွဲထောက်ထားတဲ့ သစ်သားစင်ကလေး ရှိသည်။ ထိုစင်ပေါ်တွင် စာအုပ်တချို့က ဖရိုဖရဲ။
ထိုမှတဆင့် ဘေးကို နည်းနည်းထပ်ကြည့်လိုက်လျှင် ဗီရိုဟောင်းကြီး။ နီညိုရောင် သစ်သားထုထည်သည် တချိန်ကတော့ တောက်တောက်ပြောင်ပြောင် ရှိခဲ့ပုံရသည်။ အခုတော့ ထိုဗီရိုပေါ်က မှန်သားပြင်သည်ပင် မူံမူံဝါးဝါးနှင့်။ ကြမ်းခင်းကတော့ သမံတလင်းပေါ် အပေါစားဖယောင်းပုဆိုးကို ခင်းထားခြင်းသာ ဖြစ်သည်။
နောက်ကို ဖျတ်ခနဲ လှည့်ကြည့်လိုက်တော့ ခုနက သော်လွှမ်းလိမ့်ကျလာတဲ့ ကုတင်။ ထိုတစ်ယောက်အိပ် ကုတင်ကတော့ ဒီဇိုင်းကာလာ အနေအထားအရ ဒီဘက်ခေတ်မှ ဝယ်ထားပုံရသည်။ စတီးတိုင်လေးဘက်ထောက်နှင့် ကုတင်ခေါင်းရင်းမှ ဒီဇိုင်းဖော်ထားတာလေးက ခေတ်မှီသည်။ ဒါပေမယ့် ကုတင်ပေါ်မှာ ခင်းထားတဲ့ မွေ့ယာခင်းသည် တစ်လက်မအထူပင် မရှိသော မွေ့ယာကြမ်းဖြစ်သည်။ ပိုးမျှင်တွေကတော့ ပြောမနေနဲ့။ ရိုးရာမပျက် မျက်နှာကြတ်မယ် တွယ်ညိလို့။ ဒီအိမ်က ဦးပြောင်အပိုင် အိမ်လား။ ပင့်ကူအပိုင် အိမ်လားပင် မသဲကွဲတော့။
အခန်းရဲ့အခြေအနေအဝဝကို သုံးသပ်ပြီးချိန်မှာတော့ ပထမဆုံးတွေးမိခြင်းဟာ ဒီလို စုတ်ချာတဲ့အခန်းထဲ သော်လွှမ်း တညတာ ဘယ်လိုများကုန်ဆုံးခဲ့သလဲပင်။ ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်လိုက်မိချိန် မီးခိုးရောင်တီရှပ်အကျႌပွပွကြီး။ အရှည်ကတော့ ပေါင်လယ်ကျော်ပြီး သော်လွှမ်းလိုလူ နောက်တစ်ယောက်လောက် အသာလေး ဒီတီရှပ်အကျီကြီးထဲ ဝင်နိုင်သည်။
![](https://img.wattpad.com/cover/243342393-288-k937244.jpg)
YOU ARE READING
RomanceAFFECTION-နှောင်ကြိုး (Sequel)