မီးရောင်စုံတလက်လက်နှင့် ကလပ်သည် ဆူညံစွာ လူပ်ရှားသက်ဝင်နေသည်။ သွက်လက်မြူးကြွတဲ့ တေးဂီတတွေက ရှေ့က DJ စက်တစ်ခုပေါ် ပြေးလွှားနေတဲ့ လက်ချောင်းတွေရဲ့ အတိုးအလျှော့ ပေါ် မူတည်ပြီး တိုးတလှည့်၊ ကျယ်တလှည့်။ ကလပ်ကိုလာရတာကို ကြိုက်ပေမယ့် ကနေတဲ့လူတွေကိုတော့ သော်လွှမ်း မျက်စိနောက်လှသည်။ရောင်စုံခြယ်မျက်နှာတွေတွေ၊ DJ သံနှင့်အတူ ယိမ်းနွဲ့နေတဲ့ ခန္ဓာကိုယ်တွေကို သော်လွှမ်း မျက်နှာလွှဲပစ်လိုက်ရင်း အာရုံနောက်မူတွေ ပြေလိုပြေညား ရှေ့က Volka တစ်ခွက်ကိုသာ ကောက်မော့ပစ်လိုက်သည်။ စပရိုက်အနည်းမျှသာ စပ်ထားတဲ့ ပြင်းရှရှ အရသာသည် လည်ချောင်းတလျှောက် စီးဝင်လို့သွားသည်။
"ဟေ့ကောင်။ သော်လွှမ်း။ ကောင်မလေး ခေါ်လို့ရလား။"
သော်လွှမ်း နူတ်ခမ်းဝမှာ တေ့ထားတဲ့ ခွက်ကို အရင်ဆုံးစားပွဲပေါ်သို့ ချလိုက်သည်။ ခွက်သည် အရှိန်နှင့် စားပွဲကိုထိခတ်လိုက်သည့်အချိန်တွင် လက်ကျန် အကြည်ရောင်အရည်လေးတွေသည် အတန်ငယ် လူပ်ခတ်လို့သွားသည်။
"မင်းတို့ကြိုက်တာလုပ်။ ငါအကုန်ရှင်းပေးမယ်။"
၀ိုးခနဲ အသံတချို့နှင့်အတူ ရှေ့ကကောင်တွေ အကုန် လက်ဖဝါးချင်း တဖြောင်းဖြောင်း ရိုက်ကုန်ကြသည်။ ဘယ်သွားသွား သော်လွှမ်းကတော့ အပေါင်းအသင်းတွေအတွက် ခန္ဓာကိုယ်အမ်းစရာမလိုတဲ့ သိကြားဖေဖေ ပေါက်စပင်ဖြစ်သည်။ မမှာမဖြစ် တစ်ခုကိုတော့ သော်လွှမ်း သူတို့ကို မှာရပေဦးမည်။
"အဲ့မိန်းမတွေ ငါ့ကိုသာ လာမထိစေနဲ့။"
ပုံမှန် သော်လွှမ်းထိုသို့ ပြောလို်က်လျှင် ညစ်ညစ်ပတ်ပတ်စကားတွေနှင့် ရယ်ပွဲဖွဲ့တတ်သော သူငယ်ချင်းတသိုက်သည် အခုတော့ အင်း,အင်းဟုသာ ဆိုသည်။ ရောက်ကတည်းက ဘာစကားမှသိပ်မပြောတဲ့ သော်လွှမ်းစိတ်မကြည ်ဆိုတာ သူတို့လည်း ရိပ်စားမိပုံရသည်။ သော်လွှမ်းကတော့ သောက်လက်စ Volka ကိုသာ ဖိသောက်နေမိသည်။
ဆိုင်မန်နေဂျာနှင့် ခပ်တိုးတိုးပြောသည့်နောက် သိပ်တောင်မကြာလိုက်ဘဲ ကောင်မလေး သုံးယောက်က သော်လွှမ်းတို့ ၀ိုင်းထဲ ရောက်လာကြသည်။ ကလပ်တွေမှာက ဒီလိုဘဲအဆက်အသွယ်တချို့ရှိကြသည်။ အပေးအယူ တည့်ရင် တည့်သလောက် ဆက်သွားလို့တော့ရသည်။ ကလပ်နှင့်တော့ မဆိုင်ဘူးပေါ့လေ။
YOU ARE READING
RomanceAFFECTION-နှောင်ကြိုး (Sequel)