"ဟင်။ ငယ်လေး။ အစောကြီးနိုးနေတာလား။"
ဘန်ဂလိုဆောင်ထဲက ထွက်လာတဲ့ ကိုနေမင်းပိုင်က အပြင်မှာ မနက်စာ စားတဲ့နေရာမှာ ရပ်နေတဲ့ သော်လွှမ်းကိုမြင်တာနဲ့ မျက်လုံးပြူးသွားတော့သည်။ အစောကြီးနိုးနေတာလားတဲ့။ ဘယ်လိုပြန်ဖြေရမလဲ။ တကယ်တော့ ညကတည်းက တရေးမှ မအိပ်ရသေးတာ။
"ငယ်လေး။ နေမကောင်းဘူးလား။"
ကိုနေမင်းပိုင်က သော်လွှမ်းရဲ့ နဖူးပြင်ကို လာစမ်းလေသည်။ အနက်ရောင် ဂျာကင်အကျႌကြီးရဲ့ ကော်လံကြီးကို ထောင်ထားပြီး ဇက်ကြီးပုလျှက် ပုခုံးကြီးတောင့်ပြီး ရပ်နေတဲ့ သော်လွှမ်းမျက်နှာက မူန်ကုတ်ကုတ်။ သေချာကြည့်မယ်ဆို သော်လွှမ်း မျက်ခမ်းအောက်မှာ တညတည်းနဲ့ ပေါ်လာတဲ့ အမည်းရောင်အကွင်းလိုက်ကြီး။ ဒါတွေအားလုံး ဟိုနဖူးပြောင်ပြောင်နဲ့ လူကြောင့်ချည်းဘဲ။
"ကိုယ်လည်း မပူပါဘူး။ လာ။လာ။ မနက်စာစားမယ်..ငယ်လေး ။ဒါဘာလုပ်တာလဲ။"
ကိုနေမင်းပိုင်ရဲ့လက်ကို ကောက်ဆွဲလိုက်ပြီး သော်လွှမ်း ဒရွတ်တိုက် ဆွဲခေါ်သွားလိုက်သည်။ မနက်စာစားတဲ့အဆောင်ဆီတော့ မဟုတ်။ ကားရပ်ထားတဲ့နေရာဆီ။ မနေ့ကတည်းက အခဲမကြေတဲ့ ကိစ္စကိုမှ ဒီနေ့မှ မရှင်းရရင် သော်လွှမ်း ဒီတသက် အိပ်လို့ရမှာ မဟုတ်ဘူး။
"ငယ်လေး။ ကိုယ်တို့ Check out ထွက်ရဦးမယ်လေ။"
"ကျွန်တော် Reception ကိုပြောပြီးပြီ။"
ကိုနေမင်းပိုင်ကို ကားအနားထိ ရအောင် ဆွဲခေါ်လာပြီး ကားမောင်းတဲ့လူထိုင်တဲ့ နေရာဆီ တွန်းတင်ပစ်လိုက်သည်။ ပြီးတော့ တံခါးကို ဝုန်းခနဲဆောင့်ပိတ်ကာ သော်လွှမ်းက ကားမောင်းသူဘေးမှာ ဝင်ထိုင်လိုက်သည်။
"မနေ့က လိမ္မော်ခြံဘက်မောင်း။"
ကားပေါ်တက်တက်ချင်း ပြောလာသော သော်လွှမ်း စကားကြောင့် ကိုနေမင်းပိုင်သည် တအံ့တသြနှင့် လှည့်ကြည့်သည်။ မနေ့ညက မူရင်းအစီအစဉ်က တောင်ကြီးပြန်မှာကိုး။
"ကျွန်တော်သူ့နဲ့ စကားထပ်ပြောမှကို ဖြစ်မယ်။"
ကိုနေမင်းပိုင် ဘာမှထပ်ပြီး စောဒဂမတက်လာတာဟာ ကိုနေမင်းပိုင်အတွက် ကံကောင်းခြင်းပင် ဖြစ်သည်။ ဒီလို စိတ်မကြည်ပုံနှင့်ဆို သော်လွှမ်းလက်သီးက ကိုနေမင်းပိုင်ကိူလည်း ရှောင်မည်မဟုတ်မှန်း ကိုယ့်ကိုယ်ကို သိသည်။
YOU ARE READING
RomanceAFFECTION-နှောင်ကြိုး (Sequel)