အခန်း (၁၆) မော့မော့သေဆုံးခြင်း
အန်တီကြီးဝူသား၏ အမှုအကြောင်းအရာသည် လွန်ခဲ့သော နှစ်ပေါင်း ဆယ့်ငါးနှစ်က စတင်ခဲ့သည်။ အန်တီကြီးဝူ၏သားဖြစ်သူ မစ္စတာကျန်းသည် ထိုအချိန်က အသက် နှစ်ဆယ့်သုံးနှစ် ရှိပြီဖြစ်သည်။ သူသည် ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုတွင် လုံခြုံရေးဝန်ထမ်း အဖြစ် လုပ်ကိုင်သည်။ ထိုကျောင်းတွင် တစ်ခြားကျောင်းသား၊ကျောင်းသူများကို အနိုင်ကျင့်ရသည်အား အရသာတွေ့နေသော၊ ကျောင်း၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ရသည်အား ပျော်မွေ့သည့် ဆိုးသွမ်းလူငယ်အုပ်စု တစ်စု ရှိခဲ့သည်။ ကျောင်းအုပ်နှင့် ဆရာ၊ဆရာမများသည် ထိုဆယ်ကျော်သက်အုပ်စုအား မည်သို့မျှ မကိုင်တွယ်နိုင်။ အဘယ်ကြောင့်ဆိုသော် ကျောင်းတွင်း လိုအပ်သော ပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ကြေးရန်ပုံငွေများကို ထောက်ပံ့ပေးနေသူများမှာ ထိုဆိုးသွမ်းလူငယ်လေးများ၏ မိဘများပင် ဖြစ်ကြသည်။
မစ္စတာကျန်းသည် လူကောင်ကြီး၍ ထောင်ထောင်မောင်းမောင်းရှိသည်။ သူသည် ပြေးခုန်ပစ် အားကစားသမားတစ်ဦးလည်း ဖြစ်ခဲ့သည်။ သူအလုပ်စဝင်စဉ်ကတည်းက ထိုဆိုးသွမ်းလူငယ်အုပ်စု၏ 'အဓိကပစ်မှတ်' ဖြစ်လာခဲ့လေသည်။ ဆိုးသွမ်းလူငယ်ခေါင်းဆောင်က မစ္စတာကျန်းကို 'ချုပ်ကိုင်ထားနိုင်ဖို့အတွက်' 'ပညာပေး'ဖို့ ရည်ရွယ်ထားပြီးသားဖြစ်သည်။ ထို့အပြင် မစ္စတာကျန်းသည် ရိုးသားပွင့်လင်းသော လူတစ်ယောက်ဖြစ်သည့်အလျောက် ညအချိန်မတော်၌ ဆိုးသွမ်းလူငယ်များ ကျောင်းသို့ ပြန်လာကြပါက တံခါးဖွင့်မပေးခဲ့သော အချိန်များစွာ ရှိခဲ့သည်။ သူတို့ အငြင်းအခုံဖြစ်ရသော အချိန်များစွာလည်း ရှိခဲ့သည်။ တစ်ခါသား အငြင်းပွားရာတွင် ဆိုးသွမ်းလူငယ်များက စတင်၍ ရိုက်နှက်လေသည်။ မစ္စတာကျန်း၏ သတိပေးနေမှုသည် အသုံးမဝင်သောအခါ မိမိကိုယ်ကိုယ် ကာကွယ်ရန် ခေါက်တုတ်လေးအား ထုတ်လိုက်သည်။ လုံးထွေးသတ်ပုတ်နေစဉ် ထိုအုပ်စုထဲမှ ကျောင်းသားတစ်ယောက် (ကျောင်းသားလီ)၏ ခေါင်းကို ရိုက်မိလေသည်။ ကျောင်းသားလီအား နှစ်နာရီကြာပြီးမှ ဆေးရုံသို့ပို့ဆောင်နိုင်ခဲ့ရာ ဦးနှောက်သွေးထွက်လွန်၍ သေဆုံးခဲ့ရသည်။
My Wandering Spirit Lady[ဘာသာပြန်]Where stories live. Discover now