အခန်း (၃၈) ရှင်းချန် ဂျယ်လီနင်နေပြီ
လန်ရှင်းချန် ဆုမော့မော့တိုက်ခန်းဆီ လွင့်မျောကာပြန်လာခဲ့ပြီး ဆုမော့မော့အိပ်ခန်းဆီသွားလိုက်သည်။
ဆုမော့မော့ အိပ်မောကျနေပြီဖြစ်သည်။ လန်ရှင်းချန် အိပ်ယာဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ဆုမော့မော့ ငြိမ်သက်စွာအိပ်မောကျနေသည်ကို ကြည့်နေသည်။
နှစ်နှစ်အတွင်းဖြစ်ပျက်မည့်အကြောင်းအရာများကို ဆုမော့မော့ တစ်လုံးတစ်ပါဒမျှမသိသေးပေ။ သူမ၏ ယခုလက်ရှိဘဝလေးသည် မျှော်လင့်ချက်အပြည့်ရှိနေပြီး အလုပ်အကိုင်သည်လည်း တစ်နေ့ထက်တစ်နေ့ပိုမိုတိုးတက်ကောင်းမွန်လာပေသည်။
လန်ရှင်းချန်သည် ချစ်ရသောမိန်းကလေး နှစ်နှစ်အတွင်း ကံကောင်းမှုကြီးများမရှိတော့မည့်အကြောင်း မယုံနိုင်သေးပေ။
"မော့မော့ အဲ့လိုဖြစ်သွားအောင် ငါခွင့်ပြုမှာမဟုတ်ဘူး။ ငါနင့်ကို တစ်ကြိမ်ကယ်နိုင်ခဲ့တယ်ဆိုကတည်းက နောက်တစ်ကြိမ်နင့်ကံကြမ္မာကို ပြောင်းလဲပေးနိုင်သေးတယ်ဆိုတာ သေချာတယ်။ ဘာမှမကြောက်နဲ့"
လန်ရှင်းချန်၏အသံသည် အလွန်တိုးညင်းနေသည်မှာ ဆုမော့မော့အိပ်မက်ကို ဖျက်ဆီးမိမှာကြောက်နေသည့်အတိုင်းပင်။ သူမလက်ကိုမြှောက်ကာ ဆုမော့မော့မျက်နှာလေးအား ဂရုတစိုက်မထိဘဲမနေနိုင်ခဲ့ပေ။ သို့သော် သူမလက်ချောင်းများသည် ဆုမော့မော့၏ခန္ဓာကိုယ်ကိုဖြတ်သွားပေသည်။ ဤနည်းဖြင့် သူမ၏ထိကိုင်ခြင်းသည် လုံးဝအရာမထင်ခဲ့ပေ။
လန်ရှင်းချန် လက်ပြန်ရုတ်လိုက်သည်။ သူမ ဆုမော့မော့ကို စောင့်ရှောက်နိုင်သေးသရွေ့၊ နေ့တိုင်း သူမကိုမြင်နိုင်သေးသရွေ့၊ သူမလုံခြုံဘေးကင်းနေသည်ကို စောင့်ကြည့်နိုင်နေသေးသရွေ့၊ သူမပျော်ရွှင်နေသည်ကို မြင်နိုင်သေးသရွေ့ လန်ရှင်းချန်ကျေနပ်ပေသည်။ အများကြီးမတောင်းဆိုပါ။
စောစောကဖြစ်ခဲ့သော သူမ၏ခံစားချက်လွန်ကဲမှုများသည် သူမ၏ဝိဉာဉ်ခန္ဓာကိုယ်၏တည်ငြိမ်မှုကို အကျိုးသက်ရောက်စေပေသည်။ သူမချစ်ရသူကိုကြည့်ရင်း သောကများနေရသောသူမ၏နှလုံးသားလေးသည် တည်ငြိမ်သွားရသလို မောပန်းနွမ်းနယ်မှုများသည်လည်း ပျောက်ကွယ်သွားတော့သည်။
YOU ARE READING
My Wandering Spirit Lady[ဘာသာပြန်]