Chapter 197 : ယှဥ်ပြိုင်ခြင်း(၅)
ကျင်းယွင်ကျောင်းသည် အမြဲတမ်း စိတ်အေးအေးထားတတ်၍ တည်ငြိမ်အေးဆေးသည်။ သူမ၏လေးနက်သော အပြုအမူများက လူများစွာအား အမြင်အားဖြင့်ပင် ဤမိန်းကလေးငယ်လေးသည် အမှန်တကယ်ပင် ဆရာတစ်ဆူဖြစ်နိုင်ကြောင်း ခံစားရစေ၏။
အခန်းထဲရှိ သမားတော်အများစုမှာ စားပွဲပေါ်မှ ဆေးပင်များကို အမြင်နှင့်ပင် ခွဲခြားနိုင်ကြသော်လည်း သူတို့အားလုံးသည် အချိန်အမျိုးမျိုး ယူကြရသည်။
ထိုအထဲ၌ ကျင်းယွင်ကျောင်းကဲ့သို့ လျင်မြန်၍ တိကျသူမှာ အနည်းငယ်သာ ရှိသည်။ သူတို့သည် သူမ၏ ဆေးပညာစွမ်းရည်အား သံသယရှိခဲ့သည်မှာ မငြင်းနိုင်သော်လည်း ယခုအခါ၌မူ သူမ၌ သာမန်လူများထက်ကျော်လွန်သော အနံ့ခံအာရုံနှင့် အမြင်အာရုံရှိကြောင်းကို သေချာသိသွားကြပြီဖြစ်၏။ သူမ၏ ဤစွမ်းရည်များအပေါ် အခြေခံရုံနှင့်ပင် သူမသည် သမားတော်တစ်ယောက် ဖြစ်မလာနိုင်လျှင်တောင်မှ ဆေးပင်ရာဖြတ်သူတစ်ယောက် ဖြစ်လာနိုင်ပေသည်။
ထို့အပြင် သူမက ကြီးမြတ်သော ရှုလောင်ရှစ် ကဲ့သို့ လူနှင့်လည်း သိ၏။
အကယ်၍ သူမသာ သူ့ဆီမှ သွန်သင်ညွှန်ကြားချက်အချို့ကို လက်ခံရရှိပြီး ကြီးမြတ်သော ဆေးဖော်သူတစ်ယောက် ဖြစ်လာနိုင်ပါက သူမ၏ အနာဂတ်မှာ အကန့်အသတ်မရှိတော့ပေ။
ဆေးပညာစွမ်းရည်ရှိခြင်းက အရေးကြီးသော်လည်း အထက်မြက်ဆုံး မိန်းမတစ်ယောက်သည် ဆန်မရှိဘဲ ထမင်းမချက်နိုင်သကဲ့သို့ ဆေးပင်များသည်လည်း အခြေခံပင် ဖြစ်သည်။
ကျင်းယွင်ကျောင်းသည် ဤပြိုင်ပွဲ၏ ပွဲစဥ်ကို ယှဥ်ပြိုင်ပြီးသွားသော်လည်း ဒါရိုက်တာလျို့သည် တစ်ဝက်သာ ပြီးသေး၏။ စားပွဲပေါ်၌ ဆေးပင်များအပြင် သူ့အား အထောက်အကူပြုမည့် ပစ္စည်းကိရိယာများစွာလည်း ရှိနေသည်။ သူ၏ စားပွဲမှ အနံ့များကလည်း အခြားသမားတော်များအား မျက်မှောင်ကြုံ့သွားစေ၏။
အကယ်၍ ဒါရိုက်တာလျို့သည် အမှုဆောင်ဒါရိုက်တာ၏ မြေးဖြစ်သော အချက်ကြောင့်သာ မဟုတ်ပါက သူတို့သည် ဤလူငယ်အား အမှန်တကယ်ပင် ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ချင်နေကြသည်။