Chapter 288 : သရဲမြင်ခြင်း
အကြီးအကဲထန်သည် သက်ပြင်းတစ်ချက် ခပ်လေးလေးချလိုက်ပြီး စိတ်ကူးယဥ် မြေးချွေးမလေးတစ်ယောက်အပေါ်၌ သူ၏ သဘောထားသည် အတော်လေး လိုလိုလားလားရှိ၍ စိတ်အားထက်သန်နေသည်ဟု ခံစားလိုက်ရသည်။
"ဒီအချိန်မှာတော့ ငါတို့ ဟယ့်မိသားစုကိုထိလို့မရသေးဘူး။ ယွင်ကျောင်းကလည်း သူကိုယ်တိုင်ပဲကိုင်တွယ်မယ်လို့ ဆုံးဖြတ်ထားပြီးသားဆိုတော့ ဒီကိစ္စက မဆိုးပါဘူး"
သူတို့သည် ဟယ့်မိသားစု၏ စီးပွားရေးလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံထားသည့် ငွေများနှင့် ထောက်ပံ့ကြေးငွေများကို ရုတ်တရက် ပြန်ထုတ်ပစ်ရန် မဖြစ်နိုင်ဘဲ အချိန်တစ်ခုယူပြီးမှသာ လုပ်နိုင်မည်ဖြစ်သည်။
အဓိကအချက်မှာ ယခု ဟယ့်မိသားစုသည် ယခင် ဆယ်စုနှစ်ပေါင်းများစွာက ဟယ့်မိသားစု မဟုတ်တော့ပေ။ သို့ဖြစ်၍ နှစ်ပေါင်းများစွာ ခင်မင်မှုတစ်ခုတည်းကြောင့်နှင့်တော့ သူသည် ဟယ့်မိသားစုအား အချိန်တိုင်း ထပ်ခါတလဲလဲ သည်းခံမပေးနိုင်တော့။
ယခင်တစ်ခေါက် ဟယ့်ကျားစစ် ကျင်းယွင်ကျောင်းအား မကောင်းကြံခဲ့စဥ်က ကျင်းယွင်ကျောင်းသည် ထိုကိစ္စအပေါ် အငြိုးအတေး မထားသောကြောင့်သာ သူ စိတ်သက်သာရခဲ့၏။ ထိုသို့သာမဟုတ်ပါက မြေးဖြစ်သူ၏ရောဂါသည် ဘယ်တော့မှ ပျောက်ကင်းတော့မည် မဟုတ်။
ဟယ့်မိသားစုကို ရုတ်တရက် အပြတ်ရှင်းလိုက်ခြင်းက သူ့အတွက် မကောင်းသော်လည်း သူသည် သူတို့အား ပြတ်ပြတ်သားသား သတိပေးနိုင်သေးသည်။ ကမ္ဘာ၌ရှိသည့် မည်သည့်အကျိုးအမြတ်ကမှ မြေးဖြစ်သူ၏ အသက်လောက် အရေးမကြီးပေ။ သူသည် ကျင်းယွင်ကျောင်းကိုသာ အသက်ကြွေးတင်နေ၍ ဟယ့်မိသားစုအား မည်သည့်အကြွေးမှ တင်မနေသည်မှာ အသေအချာပင်။
ထို့နောက် အကြီးအကဲထန်သည် ဗီဒီယိုအား အကြိမ်ရေအနည်းငယ်ခန့် ပြန်ကြည့်လိုက်၏။ ထိုအချိန်တွင် ပေကျင်း၌ ရှိနေသော လီရှောက်ယွင်သည် အစောပိုင်းကပင် ဒေါသအိုးပေါက်ကွဲနေသည်။
လူပေါင်းများစွာက ကျင်းယွင်ကျောင်း၏ မျက်နှာလေးအား ဝိုင်း၍ လက်ညှိုးငေါက်ငေါက်ထိုးကြပြီး သူမအား ကျောက်ခဲနှင့်ပေါက်သောသူပင် ရှိသည်လား။
လီရှောက်ယွင်သည် ချက်ချင်းပင် ကျင်းယွင်ကျောင်း ဒဏ်ရာရသွားသည့်နေရာအား အနီးကပ် ပုံကြီးချဲ့ခိုင်းလိုက်၍ ထိုဒဏ်ရာအား အသေးစိတ် စေ့စေ့စပ်စပ် ကြည့်ရှုသည်။ ထို့နောက် သူသည် သမားတော်တစ်ယောက်ကိုပင် ပင့်ဖိတ်၍ အကြံဥာဏ်တောင်းခံခဲ့သေး၏။ ထိုဒဏ်ရာသည် မပြင်းထန်ဘဲ အမာရွတ်ပင် မကျန်နိုင်သည့် အပေါ်ယံဒဏ်ရာသာဖြစ်ကြောင်း အတည်ပြုပြီးမှသာ လီရှောက်ယွင်၏ မျက်နှာအမူအယာက ကြည်သာသွားတော့သည်။
"နင်းမြို့တော်ရဲ့ဟယ့်မိသားစု၊ အဲဒီလောက်ကတော့ ကိုယ် ပါးစပ်ဟပြီး ညွှန်ကြားလိုက်ရုံနဲ့တင် ပြီးတယ်"
ကျင်းယွင်ကျောင်းနှင့် ဖုန်းပြောသောအခါ သူသည် ဟိတ်ဟန်အပြည့်ဖြင့် သွေးကြီးစွာ ပြောလိုက်သည်။
"လီရှောက်၊ ဒီကိစ္စကို ကျွန်မကိုယ်တိုင်ပဲ လုပ်ချင်လို့ပါ။ ကျွန်မ ရှင့်ကိုပဲ အရာအားလုံး မှီခိုနေလို့ ဘယ်ဖြစ်မလဲ"
ကျင်းယွင်ကျောင်းက နှစ်လိုဖွယ်ကောင်းစွာ ပြန်ဖြေလိုက်၍ သူမ၏ အသံထဲ၌ ကျေးဇူးတင်ရှိမှုများ သိသာထင်ရှားစွာ ပါဝင်နေ၏။
ဤကိစ္စ၌ လီရှောက်ယွင်သည် သူမအား အများကြီးကူညီပေးခဲ့သည်။ အကယ်၍ သူ လှမ်းပို့ပေးသည့် စစ်ဆေးချက်စာရွက်ကြောင့်သာ မဟုတ်ပါက ထိုပြစ်တင်စွပ်စွဲမှုများမှ သူမကိုယ်တိုင် မည်သို့ လွတ်မြောက်လာနိုင်မည်နည်း။
ထိုအခါ လီရှောက်ယွင်က အံ့သြသွားသော်လည်း ဤသို့ဖြစ်မည်ဟု သူမျှော်လင့်ထားပြီးသားဖြစ်၏။ တစ်ဖက်လူသည် သူမအား အနိုင်ကျင့်ရန်အတွက် မိဘအရင်းကဲ့သို့သော အကြောင်းအရာကို အသုံးချခဲ့၍ ထိုကိစ္စသည် သူမ ခဏလေးနှင့် ခွင့်လွှတ်ပေးနိုင်သောအရာ မဟုတ်ပေ။ အကယ်၍ သူက သူမအား ကူညီပြီး ဟယ့်မိသားစုကို ရှင်းပေးပါက သူတို့သည် သေချာပေါက်ပင် ခပ်မြန်မြန် ဘဝပျက်သွားမည်ဖြစ်သော်လည်း ဤသို့လုပ်ခြင်းက သူတို့အတွက် ပြဿနာကို ချုံ့ပေးရာကျနေမည်ဖြစ်သည်။ ထိုအစား ကျင်းယွင်ကျောင်း ကိုယ်တိုင်ဖြေရှင်းပါက သူမ၏ ဒေါသသည် သူတို့၏အပေါ်တွင် အချိန်မရွေး ပေါက်ကွဲနိုင်၍ ဆန့်ကျင်ဘက်ရလဒ် ထွက်ပေါ်လာမည် ဖြစ်၏။
လီရှောက်ယွင်သည် ဤဖြစ်ရပ်အား သူ၏ စိတ်ထဲတွင် မှတ်သားထားပြီဖြစ်၍ အနာဂတ်တွင် ဤဖြစ်ရပ်၌ပါဝင်ခဲ့သူ တစ်ယောက်ချင်းစီအား ဆွဲထုတ်မည်ဖြစ်သည်။ ဤသည်က သူမအတွက် အကောင်းဆုံး ရွေးခြယ်မှုဖြစ်လိမ့်မည်။ ထို့အပြင် သူမသည် သူမ၏ အရည်အချင်းများကို ထုတ်ဖော်ပြသရန်အတွက် အချိန်ကြာကြာ ယူလိမ့်မည်မဟုတ်ပေ။
"ဒါဆိုရင်လည်း ကောင်းပြီလေ၊ မင်းကိုယ်တိုင် ဖြေရှင်းတာကို ကြည့်ကြတာပေါ့။ မင်း တစ်ခုခုလိုအပ်ရင်တော့ ကိုယ့်ကိုရှာရမယ်ဆိုတာ သိတယ်နော်"
လီရှောက်ယွင်က ပထမဆုံးနှင့် နောက်ဆုံးအကြိမ် စိတ်ကောင်းနှလုံးကောင်းထား၍ ပြောလာ၏။
ထိုအခါ ကျင်းယွင်ကျောင်းက "အင်း" ဟု ပြန်ဖြေလိုက်ပြီး ဆက်ပြောလိုက်သည်။
"ကျွန်မ သိပါပြီ။ ကျေးဇူးတင်ပါတယ်၊ လီရှောက်"
လီရှောက်ယွင်သည် ထိုစကားကိုကြားသောအခါ မျက်ခုံးပင့်လိုက်ပြီးနောက် စိတ်ထိန်း၍ ဆက်ပြောလာ၏။
"မင်းရဲ့ ဒဏ်ရာကိုလည်း ဂရုစိုက်ဖို့ သတိရဦး။ ရေနဲ့မထိစေနဲ့။ ဒဏ်ရာက အရမ်းမပြင်းဘူး ဆိုပေမယ့် မင်း ခဏတဖြုတ်တော့ အပူအစပ်တွေ မစားသင့်သေးဘူး။ ဒဏ်ရာက နီရဲလာရင် သမားတော်ဆီကို ချက်ချင်းသွားပြ..."
နောက်ဆုံး၌ လီရှောက်ယွင်သည် ပြောလက်စစကား တစ်ဝက်ကျိုးသောအချိန်မှ ကျင်းယွင်ကျောင်းကိုယ်တိုင်က သမားတော်တစ်ယောက်ဖြစ်သည်ကို သတိရသွား၏။ ထို့ကြောင့် သူက ခဏ စကားရပ်သွားသော်လည်း ဆက်ပြောပြန်သည်။
"ပြီးတော့ အနာဂတ်မှာ မင်းရဲ့ခန္ဓာကိုယ်ကို ထပ်ပြီးတော့ အပြောင်အပျက်တစ်ခုအနေနဲ့ အထိခိုက်ခံခွင့် မရှိတော့ဘူးဆိုတာလည်း မှတ်ထားဦး။ ဒီလိုထပ်ကြုံလာခဲ့ရင် မင်း တတ်နိုင်သမျှ ရှောင်ရမယ်"
ထိုအခါ ကျင်းယွင်ကျောင်းက ရုတ်တရက် စဥ်းစားမိသွား၏။
သူမ၏ မှတ်ဥာဏ်ထဲရှိ လီရှောက်ယွင်သည် စိတ်ဆတ်သူတစ်ဦး မဟုတ်ကြောင်း သတိရသွားခြင်းဖြစ်သည်။ အထူးသဖြင့် သူတို့ တွေ့ခဲ့ဖူးသမျှအချိန်တိုင်းတွင် သူသည် အနည်းငယ် မာနကြီး၍ အေးစက်စက်လူတစ်ယောက်ဖြစ်ကာ စကားလည်း နည်း၏။ ယခုအချိန်၌မူ သူသည် အဘယ်ကြောင့် အဖွားအိုတစ်ယောက်အဖြစ် ရုတ်တရက် ပြောင်းလဲသွားပြီး အဆက်မပြတ် မြည်တွန်တောက်တီးနေသနည်း။
သူမ, မသိလိုက်သည်မှာ လက်ရှိအချိန်တွင် လီရှောက်ယွင်၏ဘေး၌ ရှိနေကြသော လူများအားလုံးသည်လည်း ကြောင်အ,သွားကြသည်။ အချို့တပည့်ဖြစ်သူများသည် သရဲတစ်ကောင်ကို မြင်လိုက်ရသည့်အလား အံသြလွန်းသဖြင့် တံတွေးများပင် မြိုချမိကြ၏။
နောက်ဆုံး၌ လီရှောက်ယွင်သည် ဖုန်းချလိုက်သောအခါ သူ မူမမှန်ဖြစ်နေကြောင်း သူကိုယ့်သူ သတိထားမိသွားသော်လည်း ချက်ချင်းပင် အတွေးများက ပို၍ ခိုင်မာလာသောကြောင့် ထိုအကြောင်းကို ဆက်စဥ်းစားတော့ပေ။ ထို့အပြင် သူ၏ အမူအယာမှာလည်း အစောပိုင်းက ပြုမှုပုံနှင့် လုံးဝ မတူတော့ဘဲ တည်ငြိမ်နေသည်။
ထို့နောက် လီရှောက်ယွင်သည် အွန်လိုင်းပေါ်မှ ယနေ့ဖြစ်ရပ်ဗီဒီယိုကို ပြန်၍ အာရုံစိုက်လိုက်ပြီး ကျန်လူများသည်လည်း သူ့အလုပ်သူ ဆက်လုပ်နေကြ၏။
ဤဖြစ်ရပ်ကို အွန်လိုင်းဖိုရမ်များနှင့် ဝက်ဘ်ဆိုဒ်များ၌ အဓိကခေါင်းစဥ်တစ်ရပ်အနေနှင့် ဆွေးနွေးနေကြပြီး ဝါးတားအာမီများကလည်း ပြင်းပြင်းထန်ထန် ပြဿနာရှာနေကြသည်။ ယခုအခါ ထိုခေါင်းစဥ်သည် လုံးဝ နာမည်ကြီးသွားပြီဖြစ်၍ ထိုဖြစ်ရပ်၏ လွမ်းမိုးမှုအရှိန်အဟုန်အား ဘယ်တော့မှ ရပ်တန့်ပစ်၍ရတော့မည် မဟုတ်တော့ပေသတည်း။