Chapter 358 : ပြောင်ကျဲကို အပြစ်မတင်ပါဘူး
ချွေ့ကျွင်းသည် စိတ်ရှုပ်၍ ပြောချင်ရာပြောလိုက်သော်လည်း စကားပြောပြီးသည့်နောက် အဖေကျီ၏ အသံကို ကြားသောအခါ အနည်းငယ် ထိတ်လန့်သွား၏။ သို့သော် ယခုအချိန်၌ သူသည် ဟော့ပေါ့အိုးထဲရောက်နေသည့် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ နေမထိထိုင်မသာနှင့် သောကရောက်နေသဖြင့် များများစားစား ဂရုမစိုက်ဘဲ ပြန်ပြောလိုက်သည်။
"အခု ကျွန်တော့်ဆီမှာ ကျီရှန်းရှန်းကို နှစ်သိမ့်ပေးဖို့ အချိန်မရှိဘူး။ အဲ့အကြောင်းကို နောက်မှပြောရအောင်"
ယခုအချိန်၌ သူနှင့် သူ၏ ဝမ်းကွဲအစ်မသည် ရှုံးနိမ့်သွားနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသောကြောင့် ကျီရှန်းရှန်းနှင့် အရေးမပါသည့်ကိစ္စများအားပြော၍ အချိန်ဖြုန်းချင်စိတ် မရှိပေ။
သူ၏ ဝမ်းကွဲအစ်မသည် အမြဲတမ်း ကောင်းကင်ဘုံမှ ကောင်းချီပေးခံရသူဖြစ်၍ ထူးချွန်ထက်မြက်ပြီး ဤကဲ့သို့ တစ်ခါမှ မပြိုလဲဖူးခဲ့။
ယခုကဲ့သို့ သူမ ရှက်ရွံစွာဖြင့် ငိုကြွေးနေသည်ကို မြင်သောအခါ သူ၏ နှလုံးသားက သေလောက်အောင်ပင် တဆစ်ဆစ် နာကျင်ကိုက်ခဲနေသည်။ သို့သော် ကျီရှန်းရှန်းက သူမအား နှစ်သိမ့်ပေးမည့်အစား အခြေအနေကို ပိုဆိုးအောင် လုပ်နေ၏။ စန်းရန်သည် သူ၏ ဝမ်းကွဲအစ်မဖြစ်ရာ သူမအား မျက်နှာသာပေး၍ ချော့မော့ရန် သူ့တွင် တာဝန်ရှိသည်။
"နောက်မှပြောရအောင် ဟုတ်လား။ ချွေ့ကျန်းရှန်း၊ ခင်ဗျားရဲ့ အံ့သြစရာကောင်းတဲ့ သားကို ကြည့်ပါဦး"
အဖေကျီက ဒေါသတကြီးပြောလိုက်၏။
ဖခင်ဖြစ်သူ ဒေါသထွက်နေသည်ကို မြင်သောအခါ ကျီရှန်းရှန်းသည် ဥပေက္ခာ မပြုနိုင်တော့ဘဲ ကပျာကယာပြေး၍ သူ၏ အင်္ကျီစကို ဆွဲပြီး ပြောလိုက်သည်။
"ဖေဖေ၊ စိတ်မဆိုးပါနဲ့..."
ထိုအချိန်၌ ချွေ့ကျွင်း၏ ဖခင်ဖြစ်သည့် ချွေ့ကျန်းရှန်းသည်လည်း မျက်နှာပျက်နေ၏။
သူသည် ပြိုင်ပွဲ နှစ်ချီဆက်တိုက် ရှုံးနိမ့်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ထို့ကြောင့် သူ၏ ရင်ထဲ၌ မကျေမနပ်ဖြစ်နေသော်လည်း ဘာမှမတတ်နိုင်။