Chapter 336

450 45 0
                                    

Chapter 336 : မုန်းစရာကောင်းသော

ကျင်းယွင်ကျောင်းက သူမသည် အကြီးအကဲရှု၏တပည့် မဟုတ်ကြောင်း ပြောထားပြီးသားဖြစ်သော်လည်း သူတို့၏ အမြင်တွင်မူ သူမသည် အကြီးအကဲရှု၏ အရင်းနှီးဆုံး မိတ်ဆွေ၏ သမီး သို့မဟုတ် မြေးမလေးဖြစ်သင့်သည်ဟု ထင်ထားကြ၏။ ထိုသို့မဟုတ်ပါက သူမသည် ဤကဲ့သို့သော ဂုဏ်ပြုချီးမြှောက်မှုမျိုးအား လက်ခံရရှိရန် ခက်ခဲပေလိမ့်မည်။

သို့သော် မည်သို့ပင်ဆိုစေကာမူ သူမသည် အမှန်တကယ်ပင် မည်သည့်နေရာမှ လာမှန်းမသိသည့် သာမန်လူတစ်ယောက်ဖြစ်နေလိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မထားခဲ့ကြပေ။

သို့ရာတွင် ကျင်းယွင်ကျောင်းဟူသော အမည်အား လူတိုင်း မသိသော်လည်း ဤနေရာရှိလူအများစုမှာမူ လူငယ်များဖြစ်ကြ၍ အင်တာနက်ပေါ်မှ သတင်းများကို ဖတ်ရှုလေ့ရှိသူများဖြစ်ကြ၏။ ထို့ကြောင့် သူတို့က သူမအား မှတ်မိနေကြခြင်းဖြစ်သည်။

ကျီရှန်းရှန်းက သူမအား သံသယရှိစွာဖြင့် တစ်ချက်ကြည့်လာ၏။ ကျင်းယွင်ကျောင်း၏ပြောင်းလဲမှုမှာ ကြီးမားလွန်းလှသည်ဟု သူမ ခံစားနေရသည်။

သူမသည်လည်း အင်တာနက်သုံးစွဲသူတစ်ယောက်ဖြစ်၍ ကျင်းယွင်ကျောင်းနှင့် ပတ်သတ်သော သတင်းများကို လိုက်လံဖတ်ရှုခဲ့၏။ သို့ရာတွင် ထိုဗီဒီယိုများမှာ တည်းဖြတ်ပြုပြင်ထားခြင်း မရှိရာ ပုံရိပ်များကို ရှင်းရှင်းလင်းလင်း မြင်ရသော်လည်း တီဗီချန်နယ်များမှ လွှင့်သည့် ရုပ်ထွက်အရည်အသွေးနှင့်တော့ မယှဥ်နိုင်ပေ။ ထို့ကြောင့် ကျီရှန်းရှန်းသည် ထိုအချိန်က ကျင်းယွင်ကျောင်းသည် အတန်အသင့်သာ လှပသည်ဟု ခံစားမိခဲ့၍ သူမသည် ကျင်းယွင်ကျောင်း၏ မွေးဖွားရာဇာတ်ကြောင်းကိုသာ အများဆုံး အာရုံစိုက်ခဲ့မိသည်။

ထို့အပြင် အချိန်အတော်ကြာပြီးမှ ကျင်းယွင်ကျောင်းအား မြင်ရခြင်းဖြစ်ရာ သူမ လုံးဝမမှတ်မိသည်အား နားလည်ပေးနိုင်၍ စတွေ့ချိန်တွင်လည်း သူမသည် ချွေ့ကျွင်းကြောင့် ကျင်းယွင်ကျောင်းအား မုန်းစရာကောင်းသော မိန်းကလေးဟူ၍သာ ပုံသေ သတ်မှတ်မိခဲ့၏။

ထိုအင်တာနက်ပေါ်မှ ဗီဒီယိုအား ကြည့်ခဲ့သည့်အချိန်ကို ပြန်စဥ်းစားကြည့်ပါက သူမသည် ကျင်းယွင်ကျောင်း၏ ဆန်ကုန်မြေလေး မွေးစားအဖေအား ပြင်းပြင်းထန်ထန် ဆဲရေးကြိမ်းမောင်းခဲ့သည်။ ကျင်းယွင်ကျောင်း ခဲဖြင့်ပေါက်ခံရ၍ ဒဏ်ရာရသွားသည်ကို မြင်သောအခါ သူမသည် အချိန်အတော်ကြာအောင်ပင် ဝမ်းနည်း၍ မချိမခံသာဖြစ်ခဲ့ရ၏။ ထို့ကြောင့် သူမသည် သူမ၏ မိဘများကိုပင် ကျင်းယွင်ကျောင်းအတွက် အများသုံးဆေးဝါးများ ပို့ပေးရန် တောင်းဆိုခဲ့သည်။

နောက်ပိုင်း၌ ကျင်းယွင်ကျောင်းနှင့် သူမ၏ ကျောင်းက ဆေးများကိုပြန်လှူခဲ့သော်လည်း ကျီရှန်းရှန်းကမူ သူမ၏ ချစ်ခြင်းမေတ္တာကို သူမ တတ်နိုင်သည့်ဘက်မှ ဖော်ပြခဲ့ရပြီးပြီဟု ခံစားရသဖြင့် ပို၍ကျေနပ်ပျော်ရွှင်နေခဲ့၏။

သို့သော် ကျင်းယွင်ကျောင်းနှင့် မျက်နှာချင်းဆိုင် တွေ့ရသည့်နေ့သို့ ရောက်လာလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။

ဤနေရာ၌ ကျင်းယွင်ကျောင်းအား မှတ်မိသူများစွာမရှိသော်လည်း ထိုသုံးလေးယောက်နှင့်ပင် လုံလောက်နေပြီဖြစ်သည်။ ထို့နောက် ပတ်ဝန်းကျင်မှလူများသည် အချင်းချင်း တီးတိုးပြောစပြုလာကြ၍ လူတိုင်းသည် ရုတ်တရက် အံ့သြတုန်လှုပ်သွားကြ၏။

ကျီရှန်းရှန်း၏ စိတ်ခံစားချက်များသည် ရှုပ်ထွေးနေ၏။ ကွာဟချက်က လုံးဝကြီးမားလွန်းလှသည်။

သို့ရာတွင် အခြေအနေအပြည့်အစုံအား အမှန်တကယ်လိုက်မမှီကြတော့သော အခြားလူများကမူ စိတ်သက်သာရာရသွားသလို ခံစားနေကြရ၏။

သူမသည် မိသားစုနောက်ခံကောင်းရှိသူတစ်ယောက် မဟုတ်သလို အကြီးအကဲရှု၏ အလုပ်သင်တပည့်လည်း မဟုတ်ပေ၊ ထို့ကြောင့် သူမ ဤနေရာသို့လာရခြင်းမှာ အခြားအကြောင်းပြချက်များကြောင့်ဖြစ်ရန် အလားအလာများစွာရှိသည်။ ကျီရှန်းရှန်းပြောသကဲ့သို့ သူမသည် ဖိတ်ကြားလွှာအား ကောက်လာခြင်း သို့မဟုတ် ခိုးလာခြင်းပင် ဖြစ်နိုင်သေး၏။

ချက်ချင်းပင် လူအုပ်ထဲမှလူအများစု၏ သူမအပေါ်၌ ယဥ်ကျေးပျူငှာနေမှုများသည် ထက်ဝက်ခန့်လျော့ကျသွားသည်။

"ဒါဆိုရင် မင်းရဲ့နာမည်က ကျင်းယွင်ကျောင်းလို့ ခေါ်တာပေါ့။ အရင်က ကျီရှန်းရှန်းက မင်းအတွက် ဆေးတွေလှူဖူးသေးတယ်။ ကြည့်ရတာ မင်းတို့နှစ်ယောက်က တကယ်ရေစက်ပါတာပဲ"

ချွေ့ကျွင်းက အံ့အားသင့်စွာ စပြောလိုက်၏။

ထိုအခါ ကျီရှန်းရှန်းသည် ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး ကျင်းယွင်ကျောင်းကို ကြည့်ရင်း သူမ၏လေသံကလည်း ပြောင်းသွားသည်။

"အဲဒါက ဆေးလေးအနည်းအကျဥ်းပါပဲ။ သူသာ ဒီလိုဆေးပညာကျွမ်းကျင်မှန်းသိရင် ကျွန်မ အဲလိုတုံးအတာတွေ မလုပ်ပါဘူး။ အို ဟုတ်သားပဲ...ခုနက ငါ နင့်ကိုမေးတာလေး မြန်မြန်ပြန်ဖြေပေးဦး။ အနည်းဆုံးတော့ နင် အဲ့ပစ္စည်းတွေရဲ့အသုံးပြုပုံကို မသိဘူး မဟုတ်လား"

သူမ၏ စကားကိုကြားသောအခါ ကျင်းယွင်ကျောင်းသည် မျက်ခုံးပင့်လိုက်၍ စိတ်ဝင်စားစရာကောင်းသည့်အချက်ကို ရှာဖွေတွေ့ရှိသွား၏။

ကျီရှန်းရှန်းသည် ဒေါသကြီး၍ သူမ၏ စကားများက တဲ့တိုးဆန်ကာ နှစ်သက်ဖွယ်ရာမကောင်းသော်လည်း သူမသည် လူယုတ်မာတစ်ယောက်မဟုတ်ပေ။

"ငါ ဆေးဖော်နည်းခုနစ်မျိုးကို သိတယ်။ အဲဒါတွေက လှော်တာ၊ အခိုးထုတ်တာ၊ အခြောက်ခံတာ၊ ကင်တာ၊ ကြော်ချက်တာ၊ အမှုန့်လုပ်တာ၊ သန့်စင်တာ၊ ပြင်ဆင်တာ၊ အပူပေးတာ၊ အအေးပေးတာ၊ လျှပ်စီးတာ၊ ထောင်းတာ၊ ပြင်းပြင်းထန်ထန် အပူပေးတာ၊ နေလှန်းတာ၊ လေသလပ်ခံတာ၊ ပြီးတော့ လှပ်ထားတာတွေပေါ့"

"နင် ခုနကပြောသွားတဲ့ ဂျင်စင်းကကျတော့ တကယ်ပဲ နည်းလမ်းတွေအများကြီးရှိတယ်၊ တစ်ခုချင်းစီမှာကို ဖော်စပ်နည်းမျိုးစုံရှိတာ။ သန်ရှန်းဂျင်စင်းက တကယ်ပဲ ဆောင်းရာသီမှာ ရေနွေးနဲ့ဆေးဖို့လိုပြီး နွေဦး၊ နွေနဲ့ ဆောင်းဦးမှာကျတော့ ရေအေးနဲ့ဆေးဖို့လိုတယ်၊ ဒါပေမယ့် အဲ့နည်းလမ်းက ကျန်တဲ့ဂျင်စင်းအမျိုးအစားတွေမှာတော့ အသုံးမဝင်ဘူး။ ခူးရှန်း၊ သန်းရှန်းနဲ့ ရွှမ်ရှန်းလိုမျိုး ဂျင်စင်းအမျိုးအစားတွေမှာပေါ့"

"ပြီးတော့ ဖြည့်စွက်ပစ္စည်းတွေကကျတော့..."

ကျင်းယွင်ကျောင်းက ဂျုံဖွဲနုများကို ညွှန်ပြ၍ ဆက်ပြောလိုက်သည်။

"ဂျုံဖွဲနုရဲ့သဘောသဘာဝက ချိုတယ်၊ နူးညံ့ပြီးတော့ ဓါတ်ပြယ်စေတဲ့အာနိသင်ရှိတယ်။ သူ့ကို ဆီပူပူနဲ့ ကြော်လိုက်ရင် အနံ့က အရမ်းမွှေးတာ၊ အစာအိမ်ကို သန့်ရှင်းလတ်ဆတ်စေပြီးတော့ အနံ့ဆိုးတွေကို ပျောက်စေတယ်။ ဒါကြောင့် သူ့ကို သရက်ရွက်နဲ့ အစာအိမ်ကို သန့်ရှင်းစေတဲ့ဆေးတွေဖော်တဲ့နေရာမှာ များသောအားဖြင့်သုံးတယ်။ ပြီးတော့ စပ်ဖြင်းဖြင်းနဲ့ ညှီစို့စို့ အနံ့ထွက်တဲ့အနာတွေအတွက်ကျတော့ ပရုတ်ရွက်ကြော်၊ ချည်ပိုးကောင်ကြော်၊ ဇာတိပ္ဖိုလ်သီးကြော်တွေက်ို ဆန်နဲ့တွဲပြီး ဆေးဖော်ရတယ်၊ အဓိကကတော့ ဆန်လုံးညိုနဲ့ ကောက်ညှင်းဆန်ကို သုံးတာပေါ့။ ဥပမာပြောရရင် ဆန််လုံးညိုကို သန်းရှန်းမြစ်နဲ့ တွဲပြီးတော့ ကြော်ရတယ်"

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Donde viven las historias. Descúbrelo ahora