Chapter 263 : ခင်ဗျားတို့လုပ်ခဲ့တဲ့အမှားတွေကို ဝန်ခံ
သို့ရာတွင် ချောင်ဟုန်ယဲ့က ကျန်ရှ၏တွေးခေါ်ပုံအား သဘောမတူပေ။ သူမသည် လက်ဖက်ရည်ဆိုင်နှင့် အဆိပ်မိသူများကြားရှိ အငြင်းပွားမှုကို အပြင်သို့မပြန့်စေလိုပဲ ကျန်မိသားစုသည် တောင်းပန်၍ အပြစ်ဝန်ခံသင့်ကြောင်း သူမ နားလည်သည်။
ထို့ကြောင့် ကျန်ဝမ်ရှန်းသည် သူ၏ဇနီးနှင့်သားကိုထား၍ အဖမ်းခံလိုက်ရသည့်အချက်ကိုပါ ထည့်ပေါင်းလျှင် သူတို့မိသားစုသည် ခဏမျှငိုယို၍ ဒူးထောက်တောင်းပန်လိုက်ရုံဖြင့်ပင် သူတို့၏ လက်ဖက်ရည်ဆိုင်သည်လည်း မိတ်ဟောင်းများစွာဖြင့် အဓိကလည်ပတ်နေသောဆိုင်ဖြစ်ရာ ထိုလူများက သူတို့အား မေတ္တာရှေ့ထား၍ ခွင့်လွှတ်ပေးလိမ့်မည်ဖြစ်ပြီး ကြီးသောအမှုကို ငယ်စေ၍ ကျန်မိသားစုကပေးရမည့် နစ်နာကြေးငွေသည်လည်း အများကြီးသက်သာသွားမည်သာ။
သို့သော် ယခုအခါ အသုံးမကျသော ကျန်ရှသည် ပြဿနာကိုပိုဆိုးရွားစေမည့် စကားလုံးများကိုပြော၍ အခြေအနေကို ယခင်ကထက် ပို၍ ကမောက်ကမဖြစ်အောင် လုပ်လိုက်သည်။
"ညီလေး၊ မင်းတို့ရဲ့လက်ဖက်ရည်ဆိုင်ကြောင့် ဒီကိစ္စဖြစ်တာ မဟုတ်ဘူးလို့ မင်းပြောခဲ့တယ် မဟုတ်လား။ ဒါဆိုရင်လည်း ကောင်းပြီလေ။ ဒါပေမယ့် ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုရလဒ်ထွက်လာလို့ ဒီကိစ္စက မင်းတို့ရဲ့လက်ဖက်ရည်ဆိုင်ကြောင့်ပါလို့ သက်သေပြနေရင် မင်းတို့မိသားစု လမ်းပေါ်မှာ ဒူးထောက်ပြီးတော့ တောင်းပန်မလား။ မင်း ဒီလိုလုပ်နိုင်လား"
"ကျုပ်က ဘာကြောင့် တောင်းပန်ရမှာလဲ။ ဒီလူသုံးယောက်က သေမှမသေတာ"
ကျန်ရှက ဒေါသတကြီးပြန်ပြောလိုက်သည်။
ဒါက အဆိပ်မိရုံလေးပဲလေ၊ သူတို့တွေ သေသွားတာနဲ့မှ မတူတာ။ ဒါက တကယ်ပဲ ငါတို့အမှားဆိုရင်တောင် ငါတို့က ဆေးရုံစရိတ်ရှင်းပေးရုံပဲ မဟုတ်လား။ ဒီဆိုင်မှာ သူတို့စားတဲ့ ကျသင့်ငွေကိုလည်း ချေပေးပြီးပြီကို သူတို့က ဘာများထပ်လိုချင်နေတာလဲ။ အနာဂတ်မှာ သူတို့ ဒီနေရာကို ထပ်မလာအောင် ငါတို့လုပ်လို့ရတာပဲ။ ငါတို့ကို ဒူးထောက်ပြီး တောင်းပန်ခိုင်းရအောင် သူတို့မှာ ဘာအရည်အချင်းရှိလို့လဲ။
ဘေးပတ်ဝန်းကျင်ရှိလူများသည် ကျန်ရှ၏ အတွေးအစစ်အမှန်များအား မကြားနိုင်ခြင်းကိုသာ ကျေးဇူးတင်ရပေမည်။ သို့မဟုတ်ပါက သူတို့ကိုယ်သူတို့ ထိန်းနိုင်ကြတော့မည်မဟုတ်ပေ။
နောက်ဆုံးတွင် ချောင်ဟုန်ယဲ့သည် ကျန်ရှ၏ အကြင်နာတရားမရှိသည့် မှတ်ချက်အား ကြားပြီးနောက် သူ၏ တုံးအမှုအား ဆက်၍သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် သူမသည် နီရဲ၍ မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ထိုလူများအား ကြည့်ကာ ပြောလိုက်၏။
"ဦးလေးတို့၊ အန်တီတို့၊ ဒီလိုအရေးကြီးတဲ့ကိစ္စမှာ အားလုံးက ကျွန်မတို့ရဲ့အမှားတွေပါပဲ။ ဒါကြောင့် ကျွန်မတို့ အားလုံးကို သေချာပေါက် တာဝန်ယူမှာပါ။ ကျန်ရှက သူ့ရဲ့အဖေအတွက် အစိုးရိမ်လွန်နေလို့ မဆင်မခြင်ပြုမူပြောဆိုမိသွားတာပါ။ ကျွန်မတို့နေရာကနေဝင်ကြည့်ပြီး ရှင်တို့နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
ထိုစကားကိုကြားသောအခါ ကျင်းယွင်ကျောင်းသည် မျက်ခုံးတစ်ဖက်ကိုပင့်လိုက်၍ ပြဿနာများ ဆက်လက်ကြီးထွားလာမည်ကို စောင့်ကြည့်နေလိုက်သည်။
ချောင်ဟုန်ယဲ့သည် ဤကဲ့သို့ အရေးကြီးသောကိစ္စအား သူမစိတ်နှင့်သူမ ဝင်ရောက်စွက်ဖက်၍ ကျန်မိသားစုအတွက် ပြောပေးရန် သူမ၌ မည်သည့်လုပ်ပိုင်ခွင့်ရှိသနည်း။ သူမ၌ မိသားစုဝင်ဖြစ်ကြောင်း သိသာသည့် အထောက်အထားမရှိပေ။ ထို့ကြောင့် နစ်နာသူများ၏ မိသားစုများသည် ရူးနေသူများမဟုတ်ရာ သူမ စကားကို နားထောင်မည်မဟုတ်ဘဲ သူမကိုလည်း မျက်နှာသာပေးမည် မဟုတ်ပေ။
ဤကိစ္စမှ ချောင်ဟုန်ယဲ့ရရှိမည့် အကျိုးအမြတ်မှာ သူမအပေါ်ထားရှိသည့် ကျန်မိသားစု၏သဘောထား ပြောင်းလဲသွားခြင်းပင် မဟုတ်လား။ ချောင်ဟုန်ယဲ့သာ သူတို့အား ယခု အကြပ်အတည်းမှ ကယ်ထုတ်နိုင်ပါက အမေကျန်သည်လည်း ကောင်းရှင်း၏ ကိစ္စနှင့်ပတ်သတ်၍ သူမအား ဆက်ကာသိက္ခာချနိုင်တော့မည် မဟုတ်ပေ။
သူမသည် ထိုကဲ့သို့အကွက်မြင်တတ်သည့် လူစားမျိုးပင်။
သို့ရာ၌ ....
ကျင်းယွင်ကျောင်း၏ မျက်လုံးထဲမှာ လှောင်ပြောင်သရော်လိုသော အရိပ်အယောင်များ ပေါ်ထွက်လာ၏။ ချောင်ဟုန်ယဲ့သည် ချောင်မိသားစုသို့ ပြန်သွားရမည်ကို ကြောက်သောကြောင့် အမေကျန်က သူမအား မျက်နှာပေးလာစေရန်ကြိုးစားနေခြင်းဖြစ်သော်လည်း သူမသည် ကျန်ရှအား မေ့သွားခဲ့သည်။
သို့မဟုတ်ပါက သူမသည် ကျန်ရှ၏သဘောထားကို မထီမဲ့မြင်ပြုပြီးလျှင်တောင်မှ ကျန်ရှက သူမအား ဆက်ချစ်နေလိမ့်မည်ဟု ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလွန်းသောကြောင့် ဖြစ်နိုင်၏။
"ကလေးမ၊ မင်းက ဘယ်သူမို့လို့ သူတို့အစား ပြောပေးနေတာလဲ။ မင်းက သူတို့ကိုယ်စား ဆုံးဖြတ်ချက်ချပေးနိုင်လို့လား။ တကယ်တမ်း၊ ကျန်မိသားစုရဲ့သခင်လေးက ဘာမှတာဝန်မယူပေးနိုင်ဘူးလို့ ငြင်းပြီးသားဆိုတော့ အခု မင်းပြောတဲ့စကားတွေက ဘာမှအရေးမပါဘူး မဟုတ်လား"
ရပ်ကြည့်နေသူများထဲမှတစ်ယောက်က အော်ပြောလိုက်ရာ ချောင်ဟုန်ယဲ့က တောင်းပန်တိုးလျှိုးစွာ ကြည့်လိုက်ရင်း
"ကျ...ကျွန်မက ကျန်ရှရဲ့ရည်းစားပါ။ ကျွန်မ သူ့စရိုက်ကို အပြည့်အဝနားလည်ပါတယ်။ ဒီစကားတွေက သူကြောက်နေတဲ့အချိန်မှာ စိုးရိမ်ပူပန်ပြီးတော့ ပြောတဲ့စကားတွေပါ။ ပြီးတော့ ရှင်တို့တွေအားလုံးကလည်း ဘယ်သူ့ကိုမှ ထိခိုက်စေချင်တဲ့ ရည်ရွယ်ချက်မရှိဘူးလို့ ကျွန်မ ယုံကြည်ပါတယ်။ ဒါပေမယ့် ဒါက တကယ့်ကို မတော်တဆမှုတစ်ခုပါ။ ပြီးတော့ ကိစ္စတွေပြီးစီးသွားရင်လည်း ကျွန်မတို့က ရှင်တို့မိသားစုတွေကို သေချာပေါက် နစ်နာကြေး အချိန်မီပေးမှာပါ"
ထိုအခါ ဒေါသထွက်၍ ဆွံ့အ,နေသော အမေကျန်သည်လည်း ချောင်ဟုန်ယဲ့၏ စကားကိုကြားသည်နှင့် အလောတကြီးပင် ခေါင်းညိတ်ပြလိုက်သည်။
သူမသည်လည်း သူမ၏သားဖြစ်သူက ထိုလူများအား ပြောနေသည့်စကားများကို သဘောမတူပေ။ ယခုအခါ သူမသည် ရှေ့သို့လည်း မတိုးရဲ၊ စကားတစ်ခွန်းမှလည်း မပြောရဲဘဲ လူအုပ်ကြီး၏ ဒေါသအား လှုံ့ဆော်မိမည်ကို ကြောက်ရွံနေ၏။
သို့ရာတွင် ကျန်ရှသည် ရှက်ရွံသွားပုံရ၍ အရှက်ခွဲခံလိုက်ရသလို ခံစားနေရသည်။
သူက ဤကိစ္စသည် ဤမျှလောက်လည်း အရေးမပါပဲ ချောင်ဟုန်ယဲ့က လူအုပ်ကြီးကို နှစ်သိမ့်ရန်အတွက် သူက ကြောက်ရွံ့နေသည်ဟုပြော၍ သူ့အား အရှက်ခွဲနေသည်ဟု ခံစားနေရ၏။
သူသည် ထိုလူများအား အာအင်အပြည့်နှင့် ရင်ဆိုင်တိုက်ခိုက်ပေးနေသည်။ သူမနှင့် သူ၏ မိခင်ဖြစ်သူကို ကာကွယ်ရန်အတွက် သူက အလွန်ရဲရင့်၍ သူရဲကောင်းဆန်ဆန် ပြုမူနေသော်လည်း သူမကမူ သူ့အား မထီမဲ့မြင်ပြု၍ အရှက်ခွဲရဲသည်လား။
"ကျုပ်တို့က ကလေးမလေးတစ်ယောက်ရဲ့စကားတွေကို ဘယ်လိုများ ယုံကြည်နိုင်မှာလဲ။ ဒီမိန်းမက နစ်နာသူသုံးယောက်အတွက် ယွမ်နှစ်သိန်းတန်ချက်လက်မှတ်တစ်စောင်နဲ့ သဘောတူညီချက်တစ်စောင်မရေးပေးရင် ကျုပ်တို့ ဒီကိစ္စကို ကျေအေးမပေးနိုင်ဘူး"
ထိုလူများက အမေကျန်အား လက်ညှိုးထိုး၍ တောင်းဆိုလာကြသည်။
အခြေအနေသည် သေရေးရှင်ရေးတမျှ ပြင်းထန်လာ၍ လွတ်လမ်းမရှိတော့ပေ။
ထို့နောက် ချောင်ဟုန်ယဲ့သည် ဘေးတွင်ရပ်နေသော ကျင်းယွင်ကျောင်းအား မြင်လိုက်၍ ထအော်လိုက်၏။
"ရှင်တို့တွေ ကျွန်မကို မယုံကြည်ရင်တောင်မှ သူ့ကိုတော့ ယုံတယ်မဟုတ်လား။ သူက ကျွန်မရဲ့အစ်မပဲ။ ပြီးတော့ အစောပိုင်းတုန်းက သူက အဆိပ်မိတဲ့သုံးယောက်ကို ကယ်ခဲ့တဲ့သူပါ"