Chapter 248 : သဘောထားသေးသိမ်သူ
ကျင်းမင်ခိုင်သည် ပစ္စည်းများကို သူပေးမှ အခြားသူများကို ယူစေချင်သော စိတ်ထားရှိသည်။ ယနေ့ အရုပ်အသစ်များကြောင့် ဖြစ်သွားသည်များကိုပြန်တွေးကြည့်သောအခါ သူသည် ထိုအဝတ်ရုပ်များကို အမှန်တကယ် မလိုချင်ခဲ့ပေ။ သူ့အတွက် အရုပ်က အခြားတစ်ခုဖြစ်ကြောင်း သိသာသော်လည်း အဆုံး၌ ကျင်းယွင်ကျောင်းက ထိုအရုပ်ကို တကယ်ပင် ပြန်ယူသွားခဲ့၏။ သဘောထားသေးသိမ်လွန်းပေသည်။
"အမေ နောက်ကျရင် မင်းကို တစ်ခုပြန်ဝယ်ပေးပါ့မယ်။ ဒါပေမယ့် ဒီနေ့ဖြစ်သွားတာ အားလုံးက မင်းကြောင့်နော်။ မင်းသာ သူ့ရဲ့အိတ်ကို ကြည့်ချင်တယ်လို့ ပြဿနာ ထမရှာခဲ့ရင်... ..."
ဝမ်ရှင်းဖန်းက စိတ်ကသိကအောက်ဖြစ်နေ၏။ သူမသည် နောက်ပြန်လှည့်သွား၍ တံခါးမကြီးကို ထပ်ဖွင့်လိုက်ပြီး ကျင်းရှို့အား ပိတ်လှောင်ထားသည့် အခန်းထဲသို့ ဝင်လိုက်သည်။
"အမေ..."
ကျင်းရှို့က သတိအနေအထားဖြင့် ခေါ်လိုက်၏။
သူမ၏ မျက်နှာတွင် အနီရောင်လက်ဖဝါးရာကြီး ရှိနေရာ အစောပိုင်းက သူမ မည်မျှပြင်းပြင်းထန်ထန် ရိုက်နှက်ခံထားရကြောင်း မြင်နိုင်သည်။
ထိုအခါ ဝမ်ရှင်းဖန်းက အပြင်သို့တစ်ချက်ကြည့်လိုက်ရာ သူမ၏ ကလေးနှစ်ယောက်က သူတို့၏ ကစားစရာကိုယ်စီဖြင့် ဆော့ကစားနေကြသည်ကိုမြင်မှ စိတ်အေးသွား၏။ ထို့နောက် သူမက စမေးလိုက်သည်။
"နင် ခုနက ဘာဝင်ပြောဖို့ စဥ်းစားနေတာလဲ။ သူ့လို အပြင်လူတစ်ယောက်ကို နင်က ကာကွယ်ပေးမလို့လား။ ဒီအမေက နင့်ကို အလဟဿ ကျွေးမွေးပြုစုခဲ့တာလား"
ကျင်းယွင်ကျောင်း၏ အကြောင်းကို စဥ်းစားနေခြင်းက ပြဿနာမရှိသော်လည်း သူမ၏ သမီးဖြစ်သူက တစ်ခုခုကိုသိနေသလို သူမ ခံစားနေရ၏။
ထိုအခါ ကျင်းရှို့၏ အမူအယာက ပျာပျာသလဲလဲဖြစ်သွားပြီး သူမ၏ ခေါင်းကို ဆက်တိုက်ခါပြလိုက်သည်။
"အမေ၊ ကျွန်မ မှားသွားပါတယ်"
"ဟုတ်တယ် နင်မှားတယ်။ နင်တို့လိုမျိုး အသုံးမဝင်တဲ့ မိန်းကလေးတွေချည်း မွေးအောင် ငါ အရင်ဘဝတုန်းက ဘယ်လို မကောင်းမှုတွေများလုပ်ခဲ့မိတယ် မသိဘူး။ နင်တို့အားလုံးက ငွေကုန်ပေါက်တွေပဲ။ ငါ နင့်ကိုပြောပြမယ်၊ နင့်ရဲ့အကြီးဆုံးအစ်မက ငါတို့မိသားစု အိမ်သစ် ဆောက်နိုင်၊ မဆောက်နိုင်၊ ပြီးတော့ နင် ကျောင်းဆက်တက်နိုင်၊ မတက်နိုင်ဆိုတဲ့ ကိစ္စနဲ့ပါ ဆက်စပ်နေတယ်။ ဒါပေမယ့် နင်က အသိဉာဏ်မရှိဘဲ ငါတို့ရဲ့ရွှေတွင်းကြီးကို ဆုံးရှုံးအောင် လုပ်နေရင် ငါ နင့်ကို ဘာလုပ်မလဲဆိုတာ နင် ကြည့်ထားလိုက်"
ဝမ်ရှင်းဖန်းက သတိပေးလိုက်၏။
ထိုစကားကိုကြားသောအခါ ကျင်းရှို့သည် ဆောက်တည်ရာမရဖြစ်သွားပြီး တုန်ယင်သွားသည်။
သို့ရာတွင် ကြောက်ရွံတုန်လှုပ်၍ မျက်ရည်တတွေတွေ စီးကျနေသော်လည်း သူမသည် ပို၍ပင် သဘောထား ကွဲပြားလာ၏။
အဖေနဲ့အမေက ဘာလုပ်ချင်နေတယ်ဆိုတာကို တိတိကျကျ မသိပေမယ့် သူတို့လုပ်နေတာတွေက မမှန်ဘူးဆိုတာတော့ ငါ ရှင်းရှင်းလင်းလင်း သိနေတယ်။ ဒါ့အပြင် အစ်မကြီးက ငါတို့မိသားစုကို အသိအမှတ်ပြုတဲ့အချိန်တုန်းက ပျော်မနေဘူး။ သူက ငါတို့မိသားစုဝင် မဟုတ်ဘူးဆိုတာ ရှင်းနေတာပဲကို။ ငါ့လိုမျိုး သူပါ ဒုက္ခခံရမယ်ဆိုရင် သူ့အတွက် မတရားဘူး။
ဝမ်ရှင်းဖန်းက သမီးဖြစ်သူ၏ လေလျှော့ခံလိုက်ရသည့် ဘောလုံးတစ်လုံးကဲ့သို့ အားမတန်မာန်လျှော့သွားသောပုံစံကိုမြင်သောအခါ စိတ်သက်သာရာရသွားသည်။
ထိုနှစ်က ဝမ်ရှင်းဖန်းသည် သူမ နောက်ထပ် မွေးလာမည့်ကလေးကို စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့သော်လည်း နောက်ဆုံး၌ ကျင်းရှို့ဖြစ်နေသောကြောင့် အလွန်ခါးသီးနာကြည်းသွားခဲ့၏။
သူမသည် ကျင်းထျယ်ကျွင်းနှင့် လက်ထပ်၍ ကျင်းမိသားစုထဲသို့ ဝင်ရောက်လာပြီးနောက် သုံးလေးနှစ်ကြာသည်အထိ ကိုယ်ဝန်မဆောင်နိုင်ခဲ့ပေ။ ဖိအားများစွာကြောင့် သူမသည် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် စိတ်ဓါတ်ကျ ပြိုလဲခဲ့ရပြီး အိမ်နီးချင်းအားလုံး၏ အထင်သေးသော အကြည့်များကြောင့် အပြင်ပင် မထွက်ရဲခဲ့ချေ။ သို့ရာတွင် သူမ၏ ယောက္ခမဖြစ်သူကပါ သူမကို သောကများ ပေးခဲ့သည်။ ယောက္ခမဖြစ်သူသည် အမြဲတမ်း တကျည်ကျည်နှင့် နားပူနားဆာလုပ်လေ့ရှိပြီး 'မြေးယောက်ျားလေး' ဟူသော စကားဖြင့် သူမအား ညှင်းပန်းနှိပ်စက်လေ့ရှိ၏။ ထို့နောက် သူမသည် အခက်အခဲများစွာဖြတ်သန်းပြီးနောက်တွင် ကိုယ်ဝန်ဆောင်နိုင်ခဲ့၍ သားယောက်ျားလေးတစ်ယောက်မွေးလာရန် မျှော်လင့်နေခဲ့သည်။ နောက်ဆုံး၌ စိတ်အေးလက်အေးနှင့် ဘဝကို ပျော်ပျော်ရွှင်ရွှင်နေနိုင်ပြီဟု သူမ ထင်ထားခဲ့သော်လည်း သမီးမိန်းကလေးတစ်ယောက် မွေးလာလိမ့်မည်ဟု မည်သူထင်ခဲ့မည်နည်း။
ထိုအချိန်က သူမ ခံစားခဲ့ရသည့် စိတ်ပျက်မှုကို စကားလုံးများနှင့်ပင် မဖော်ပြနိုင်ပေ။ အကယ်၍ သူမ၏ ယောက္ခမဖြစ်သူကသာ ကလေးကို မစွန့်ပစ်လိုက်ပါက သူမသည် ရူးသွပ်သွား၍ ထိုကလေးအား သူမကိုယ်တိုင်ပင် လည်ပင်းညှစ်သတ်မိလိမ့်မည်ဖြစ်သည်။
ထို့နောက် သူမ၏ ခင်ပွန်းဖြစ်သူက အသက်မရှိတော့သော ကလေးအား ရှာတွေ့ခဲ့ပြီးနောက် တောင်ပေါ်၌ မြေမြှုပ်သဂြိုလ်ပေးခဲ့၏။ သို့သော် သူမ၏ တစ်ခုတည်းသော တုံ့ပြန်ချက်မှာ စိတ်သက်သာရာ ရသွားသည့် သက်ပြင်းတစ်ချက်သာ ဖြစ်၍ ဝမ်းနည်းပူဆွေးခြင်းမရှိပေ။ ထိုမျှသာမက သူမသည် အကြီးဆုံးသမီး၏ သေဆုံးမှုကြောင့် နောက်ဆုံးတွင် သူမ၏ ကံဆိုးမှုများ ရပ်တန့်သွားပြီး နောက်ထပ် သားယောက်ျားလေးများကိုသာ ဆက်တိုက်မွေးဖွားနိုင်လိမ့်မည်ဟုပင် ယုံကြည်ခဲ့၏။
မကြာမီ သူမသည် အမှန်တကယ်ပင် ထပ်မံ၍ ကိုယ်ဝန်ရှိလာပြန်သည်။ ဤတစ်ကြိမ်၌ သူမသည် သားဖြစ်သူအတွက် နာမည်တစ်ခုပင် ကြိုရွေးထားခဲ့ပြီး ပတ်ဝန်းကျင်မှ လူများအားလုံးကပင် သားယောက်ျားလေးတစ်ယောက် ဖြစ်လိမ့်မည်ဟု ပြောကြသော်လည်း ထပ်မံ၍ မိန်းကလေးသာ ဖြစ်နေခဲ့၏။
သို့ရာတွင် ထိုအချိန်က သူမ၏ ယောက္ခမဖြစ်သူမှာ ကွယ်လွန်သွားပြီဖြစ်သောကြောင့် ကျင်းရှို့သည် အသက်ရှင်နိုင်ခဲ့သည်။
နောက်ပိုင်း၌ သူမသည် ကျင်းလင်အား ထပ်မံ၍ မွေးဖွားခဲ့ပြီး နောက်ဆုံးတွင်မှ ကျင်းမင်ခိုင်အား မွေးခဲ့၏။
ထိုနှစ်များ၌ သူမ ခံစားခဲ့ရသော သောကဆင်းရဲများကို စကားလုံးအနည်းငယ်နှင့်ပင် မဖော်ပြနိုင်ပေ။
ထို့နောက်တွင် ကျင်းမင်ခိုင်ကသာ သူမ၏ ဘဝ ဖြစ်လာခဲ့၍ ကျင်းရှို့နှင့် ကျင်းလင်တို့ကိုမူ သူမအား လာရောက်ရှာဖွေသည့် ဘဝဟောင်းမှ ကြွေးရှင်များကဲ့သို့ သဘောထားခဲ့သည်။ သူတို့သည် သူမ၏ ဘဝဟောင်းမှ ရန်သူများဖြစ်ကြပြီး သူမအား စိတ်ဒုက္ခပေးရန်အတွက် အထူးတလည် ပြန်လည်မွေးဖွားလာခြင်းဖြစ်၏။ သူမသည် သူမ၏ အကြီးဆုံးသမီး ယခုအချိန်အထိ အသက်ရှင်မနေခြင်းကြောင့် ဘုရားသခင်အား ကျေးဇူးတင်မိသည်။ အကြောင်းမှာ ထိုသမီးဖြစ်သူကသာ ကျင်းယွင်ကျောင်းနှင့်တူပါက ဝမ်ရှင်းဖန်း ယခုအချိန်ထိ အသက်ရှင်နိုင်မည်လားဆိုသည်မှာ မသေချာပေ။
ထိုအချိန်၌ ကျင်းရှို့သည် ခေါင်းငုံ့ထားသော်လည်း မိခင်ဖြစ်သူ၏ မုန်းတီးစက်ဆုပ်သော အကြည့်များကို ခံစားမိသောကြောင့် ကြောက်ရွံ့တုန်ယင်နေရှာသည်။
"ငို..ငို..ငို.. နင်က ငိုဖို့ပဲ သိတယ်။ နင်က နင့်ရဲ့ကံဆိုးမှုတွေနဲ့ ငါတို့မိသားစုရဲ့ ကံတရားကို ဖျက်စီးလိုက်ပြီလေ"
ဝမ်ရှင်းဖန်းက အော်ဟစ်ကြိမ်းမောင်းလိုက်ပြီး ကျင်းရှို့အား လက်ဝါးဖြင့် ရက်ရက်စက်စက် ပိတ်ရိုက်ပစ်လိုက်တော့သည်။